Trending Now

မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အလုပ်အမှုဆောင်သစ်များ ရွေးချယ်ခန့်အပ်ခြင်း အခမ်းအနားကျင်းပ

Spread the love

မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အလုပ်အမှုဆောင်သစ်များ ရွေးချယ်ခန့်အပ်ခြင်း အခမ်းအနားကျင်းပ

EPN
မြစ်ကြီးနား၊မေ ၁၀

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် (၅) နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ၏ အလုပ်အမှုဆောင်သစ်များ ရွေးချယ်ခန့်အပ်ခြင်း၊တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားသို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယကများ၊အလုပ်အမှုဆောင်များ၊အဖွဲ့ဝင်များနှင့် သျှမ်းမျိုးနွယ်စု ၅ စုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

ယင်း (၅) နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ၏ အလုပ်အမှုဆောင်သစ်များ ရွေးချယ်မှုနှင့်ပတ်သက်၍”လွတ်လပ်ရေးရပြီးကတည်းကခံစားခဲ့ရတဲ့ ခံစားချက်တွေကို ကျွန်တော်တို့ သျှမ်းမျိုးနွယ်စုရေးရာ အနေနဲ့ အဘက်ဘက်က သင်သာခွင့်ရအောင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ၊အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့မှ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားဖို့ သံဓိဋ္ဌာန် ချထားပါတယ်။ဒီဒေသမှာရှိတဲ့ ရှမ်းမျိုးနွယ်စုတွေကို ရှမ်းလို့ပင် အသိအမှတ်မပြုပဲနဲ့ နန်းကချင်ဆိုပြီးလူမျိုးကို ဖျောက်ထားတာ ရှိပါတယ်။စာပေကိုလည်း လွတ်လွတ်လပ်လပ် သင်ကြားပိုင်ခွင့် မရှိပါဘူး။ သင်ကြားရင်တောင် မနှစ်သက်တဲ့ ပုဂ္ဂိုလ်များရဲ့ အနှောင့်အယှက် အဟန့်အတား ဘယ်အထိဖြစ်လာသလဲဆိုရင် သတ်ပစ်တဲ့အထိတွေ့ကြုံခံစားရတာတွေရှိပါတယ်။အဲ့ဒီဆိုးမွေများပပျောက်ပြီးတော့ နိုင်ငံတော်အစိုးရကနေ စာပေနဲ့ယဉ်ကျေးမှုကို တရားဝင်ခွင့်ပြုပေးတဲ့အခါကြတော့ ဆထက်တံပိုး တိုးပြီးတော့ စာပေနဲ့ယဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်” ဟု အသစ်ထပ်မံရွေးချယ်ခံရသော မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွေးမောင်က ပြောသည်။

၎င်းအပြင် သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသော ဦးစိုင်းမျိုးသီဟမှ ထပ်မံပြောကြားရာတွင် “အဖွဲ့ဝင်တစ်ယောက်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှမ်းမျိုးနွယ်စုတွေအားနည်းတဲ့ ကျန်းမာရေး၊ပညာရေး လိုအပ်ချက်တွေကို အဖွဲ့အစည်းကတာဝန်ပေးအပ်ခဲ့လို့ရှိရင် နေ့ညမဆို ကူညီဆောင်ရွက်သွားမယ်။ ဥပဒေဘောင်တွင်းကနေ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်။ မြန်မာပြည်မြောက်ပိုင်းမှာနေတဲ့ ရှမ်းတိုင်းရင်းသားလူငယ်တွေကိုပြောချင်တာကတော့ ရှမ်းအရေးသည် ရှမ်းပဲလုပ်လို့ဖြစ်တဲ့အတွက်ကြောင့် ရှမ်းမျိုးနွယ်တွေ ပူးပေါင်းပါဝင်မှ အဆင်ပြေပါ့မယ်။ပြီးရင်တိုင်းရင်သားညီအစ်ကိုတွေပူးပေါင်းနေထိုင်တဲ့နိုင်ငံတော်ကြီးမှာ တိုင်းရင်းသားညီနောင်တွေပူးပေါင်းပါဝင်ပြီးတော့မှ မှန်ကန်တဲ့လမ်းကြောင်း၊ မှန်ကန်တဲ့ရွေးချယ်မှု၊ မှန်ကန်တဲ့စိတ်ထားတွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့မှ ရှမ်းမျိုးနွယ်စုတွေက တစ်စိတ်တစ်ဒေသကနေ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အလုပ်အမှုဆောင်သစ်များ ရွေးချယ်ခန့်အပ်ရာတွင် ဥက္ကဋ္ဌ အဖြစ် ဦးစိုင်းထွေးမောင်၊ဒုဥက္ကဋ္ဌ (၁)
အဖြစ် ဦးစိုင်းခင်မောင်အေး၊ဒုဥက္ကဋ္ဌ (၂) အဖြစ် ဦးစိုင်းခွန်ထူး၊အတွင်းရေးမှူးအဖြစ် ဦးစိုင်းမျိုးဆွေနှင့်တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးစိုင်းပေါင်း နှင့် သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊သက်ဆိုင်ရာဒေသ တာဝန်ခံများကို ရွေးချယ်အခန့်အပ်ခဲ့ကြောင်း သိရသည်။
ယင်း အလုပ်အမှုဆောင်သစ်များ ရွေးချယ်ခန့်အပ်ခြင်း၊တာဝန်ပေးအပ်ခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အတွင်းရှ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဝင်များဖြစ်ကြသော မိုးကောင်း၊မိုးညှင်း၊နမ္ပတီး၊ဝိုင်းမော်၊ဖားကန့် စသည့် ခရိုင်၊မြို့နယ် အသီးသီးမှ အဖွဲ့ဝင် ၂၀၀ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။