Trending Now

မော်စကိုကပွဲရုံတိုက်ခိုက်မှုနောက်ကွယ်မှာ ယူကရိန်းပါဝင်ပတ်သက်နေတယ်လို့ ရုရှားသမ္မတပူတင် ပြော

Spread the love

မော်စကိုကပွဲရုံတိုက်ခိုက်မှုနောက်ကွယ်မှာ ယူကရိန်းပါဝင်ပတ်သက်နေတယ်လို့ ရုရှားသမ္မတပူတင် ပြော

EPN
နိုင်ငံတကာ၊ မတ် ၂၆

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကဖြစ်ပွားခဲ့တဲ့ မော်စကိုကပွဲရုံတိုက်ခိုက်မှုဟာ အစွန်းရောက်အစ္စလာမ္မစ်တွေက လုပ်ဆောင်ခဲ့တာလို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ကွယ်မှာ ယူကရိန်းကလည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေနိုင်တယ်လို့ ပြောပါတယ်။

“အစွန်းရောက်အစ္စလာမ္မစ်တွေရဲ့ လက်ချက်နဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်၊ ဒီရက်စက်ကြမ်းကြုတ်မှုဟာ နာဇီလက်သစ် ယူကရိန်းအစိုးရနဲ့ ၂၀၁၄ ခုနှစ်ကတည်းက ငါတို့နိုင်ငံနဲ့ စစ်ဖြစ်ခဲ့ကြသူတွေရဲ့ ချိတ်ဆက်မှုတစ်ခုသာ ဖြစ်နိုင်ပါတယ်” လို့ မစ္စတာ ပူတင်က တနင်္လာနေ့က ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။

“ရာဇဝတ်မှုကျူးလွန်ပြီးတဲ့ အကြမ်းဖက်သမားတွေဟာ ယူကရိန်းကိုထွက်ပြေးဖို့ ဘာကြောင့် ကြိုးစားခဲ့တာလဲ၊ အဲဒီမှာ ဘယ်သူက သူတို့ကို စောင့်နေတာလဲ၊ ဒါကအဖြေရှာရမယ့် မေးခွန်းတစ်ခုဖြစ်ပါတယ်။” လို့ မစ္စတာပူတင်က ထည့်သွင်းပြောကြားခဲ့ပေမယ့် ယူကရိန်းနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

မော်စကိုမြို့ Crocus မြို့တော်ခန်းမမှာ သောကြာနေ့က ဆိုဗီယက်ခေတ် ရော့ခ်ဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲမတိုင်မီ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေက ဖျော်ဖြေပွဲလာရောက်သူတွေကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူ ၁၃၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်းရာကျော် ဒဏ်ရာရှိခဲ့ပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်လို့ လူသိများတဲ့ ISIL ရဲ့ အာဖဂန်ဌာနခွဲ ISKP (ISIS-K) က အဆိုပါ တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပတ်စ်ကော့ဗ် ကတော့ ရုရှားရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို စောင့်မျှော်ဖို့ သတင်းထောက်တွေကို တနင်္လာနေ့အစောပိုင်းက ပြောကြားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သူ လေးဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးထားတယ်လို့ ရုရှားနိုင်ငံ Interfax သတင်းအေဂျင်စီက စနေနေ့က ဖော်ပြခဲ့ပြီး ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကတော့ တရားခံအားလုံးကို ကွပ်မျက်ပြစ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

Ref; aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။