Trending Now

စစ်ကိုင်းတိုင်း မဲဇာတောင်တက်လမ်းတွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်နေ၍ ခရီးသွားပြည်သူများ ဒုက္ခတွေ့

Spread the love

စစ်ကိုင်းတိုင်း မဲဇာတောင်တက်လမ်းတွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်နေ၍ ခရီးသွားပြည်သူများ ဒုက္ခတွေ့

EPN
မြစ်ကြီးနား၊ ဧပြီ ၄ (၂၀၂၄)

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကိုင်းတိုင်း မဲဇာတောင်တက်လမ်းကျောတွင် တပ်မတော်နှင့် KIA၊ PDFပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ ခရီးသွားပြည်သူများ လမ်းခရီးတွင် ကြန့်ကြာကာ ဒုက္ခရောက်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

စစ်ကိုင်းတိုင်း မဲဇာတောင်တက်လမ်းနှင့် ဆင်းဝဲကျေးရွာတို့တွင် ဧပြီလ ၁ ရက်နေ့ကစပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ခရီးသွားပြည်သူများ တိုက်ပွဲကြားပိတ်မိနေကာ လမ်းခရီးတွင် ခက်ခက်ခဲ နေထိုင်စားသောက်ခဲ့ရကြောင်း ခရီးသွားပြည်သူများက ဆိုသည်။

” လေယာဉ် လက်မှတ်ခ မတတ်နိုင်လို့ ကားနဲ့ပြန်တာ လမ်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ရက်ပိတ်မိခဲ့တယ်။ လမ်းဘေးအိပ် လမ်းဘေးစားပေါ့။ စားရိတ်ထောင်းတယ်။ အချိန်ကြန့်ကြာတယ်။ ကားလမ်းခရီးက မလွယ်ပါဘူး။ ကလေးတွေနဲ့ သွားလို့ အစဉ်မပြေဘူး။ အရမ်းဒုက္ခရောက်တယ် ” ဟု ၎င်းကရှင်းပြသည်။

စစ်ကိုင်းတိုင်း မဲဇာနှင့် ဆင်းဝဲဘက်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ခရီးသည်ယာဉ်များ အဝင်အထွက် မရှိခဲ့ကြောင်း ပုဂ္ဂလိကမော်တော်ယာဉ်များကြီးကြပ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

” လမ်းကျောမှာ တိုက်ပွဲဖြစ်နေလို့ အခုလောလောဆယ် ခရီးသည်ယာဉ်နဲ့ ကုန်စည်ယာဉ်တွေ အဝင်အထွက် မရှိသေးဘူး။ ယာဉ်အဝင်အထွက် မရှိတာ လေးရက်လောက်ရှိနေပြီ။ လမ်းပိုင်း ပိတ်တာရယ်လို့တော့ မရှိဘူး။ လမ်းမှာ တိုက်ပွဲဖြစ်ရင် ရပ်ထား၊ ပြီးရင် ဆက်ထွက်ပေါ့ ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ လမ်းကြောတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေ၍ ခရီးသွားပြည်သူများ ကုန်စည်ကားများ၊ ဆီဘောက်ဆာကားများ လမ်းခရီးတွင် မကြာခဏ ပိတ်မိခြင်းများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီ ဘုရားဖူးကားလများ ဖြစ်သော်လည်း လမ်းခရီးတွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ လူသစ်စုဆောင်ခြင်းများ ရှိနေ၍ ခရီးသွားပြည်သူများ သိသိသာသာ
သွားလာမှု နည်းပါးနေကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။