Trending Now

ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖေါင်ဒေးရှင်းအတွက် ခရီးဝေးသွားလာရေးဆင်ပြေစေရန် ဦးယိန်းဆောင်မှ ကားတစ်စီးလှူဒါန်း

Spread the love

ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖေါင်ဒေးရှင်းအတွက် ခရီးဝေးသွားလာရေးဆင်ပြေစေရန် ဦးယိန်းဆောင်မှ ကားတစ်စီးလှူဒါန်း

EPN
မြစ်ကြီးနား၊အောက်တိုဘာ ၂၆

ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖေါင်ဒေးရှင်းအတွက် ခရီးဝေးများသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဦးယိန်းဆောင်မှ 24 Bar, Lancuriser အမျိုးအစား ကားတစ်စီးကို ပြီးခဲ့သည့်အပတ်တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖေါင်ဒေးရှင်းမှာ ၂၀၁၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်နေရာအနှံ့အပြားရှိ မြို့နယ်၊ကျေးရွာဒေများသို့ ဆေးဝါးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ရပ်ဝေးဒေသများသို့သွားလာရာတွင် လမ်းခရီးကြမ်းတမ်းမှုများကြောင့် သွားလာရန်အခက်အခဲများရှိသည့်အတွက် ခရီးဝေးသို့ သွားလာရန်အဆင်ပြေစေရန်အတွက် ဦးယိန်းဆောင်မှ Lancuriserအမျိုးအစားကားတစ်စီးကို လှူဒါန်းပေးရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ဖောင်ဒေးရှင်းက ၂၀၁၅ ခုနှစ်ကတည်းက မှတ်ပုံတင်ပြီးမှ လုပ်ဆောင်ခဲ့တာ၊ ဆယ်နှစ်နီးပါးရှိနေပြီပေါ့၊ ကျွန်‌တော်တို့ကတော့ အစိုးရဘယ်လိုပဲပြောင်းပြောင်း ရည်ရွယ်ချက်ကတော့ မပြောင်းလဲပါဘူး၊ပြည်သူတွေကိုဆေးဝါးအခမဲ့ကုသပေးသွားဖို့ပါပဲ၊ ဒီကချင်ပြည်နယ်မှာရှိတဲ့မြို့တွေ၊ ကျေးရွာတွေ နေရာအနှံအပြားကို သွားပြီးဆေးကုသပေးရတာပေါ့၊အထူးသဖြင့်တော့ ခက်ခဲတဲ့ဒေသတွေကို ဦးစားပေးသွားပြီး ကုသပေးရတယ်၊ လမ်းခရီးတွေဘယ်လိုပဲကြမ်းကြမ်းသွားပြီး ကုသပေးရတာပါ၊အဲ့လိုတွေလုပ်ဆောင်တော့ ကျွန်တော်တို့မှာလည်း အခက်အခဲတွေရှိလာတယ်၊ အဲ့လိုခရီးကြမ်းတွေသွားရင် ပုံမှန်အိမ်စီးကားနဲ့သွားလို့မဖြစ်နိုင်ဘူး၊ ဒါတွေကိုလူကြီးတွေက သိလာတော့အခုလိုလှူဒါန်းမှုတွေရှိလာတာပေါ့၊ အရမ်းလည်းဝမ်းသာရတယ်၊ နောင်လည်းဆက်ပြီး ကူညီပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ရွှေစက်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်၊စီတာပူရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်၊ လယ်ကုန်း ဇီးလွန်ရပ်ကွက်၊တို့တွင်ရှိသည့် စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များခံစားနေရသည့် ကင်ဆာရောဂါ၊ သားအိမ်‌ခေါင်းကင်ဆာ၊ အူတက်ပေါက်ခွဲစိတ်မှုများကို အခမဲ့ကုသပေးနေကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။