Trending Now

တရားမဝင်ကုန်သွယ်မှုမှ ပို့ကုန် ပစ္စည်းများသည် နိုင်ငံ၏ အဖိုးတန်သယံဇာတ တစ်မျိုးတည်းဖြစ်နေသည်ကို တွေ့ရှိရဟု န-စ-က ဒုဥက္ကဌ ပြော

Spread the love

တရားမဝင်ကုန်သွယ်မှုမှ ပို့ကုန် ပစ္စည်းများသည် နိုင်ငံ၏ အဖိုးတန်သယံဇာတ တစ်မျိုးတည်းဖြစ်နေသည်ကို တွေ့ရှိရဟု န-စ-က ဒုဥက္ကဌ ပြော

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၉

တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသော ကုန်စည်များကို ကြည့်ပါက သွင်းကုန် ပစ္စည်းများအနေဖြင့် လူသုံးကုန်နှင့်စားသောက်ကုန်များဖြစ်ပြီး၊ ပို့ကုန် ပစ္စည်းများသည် နိုင်ငံ၏အဖိုးတန်သယံဇာတ တစ်မျိုးတည်းဖြစ်နေသည်ကို တွေ့ရကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကပြောကြားခဲ့သည်။

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့က ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၂) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“သယံဇာတ ဟုဆိုရာတွင် သစ်မျိုးစုံ၊ ကျောက်စိမ်းနှင့် သတ္တုများအပြင် သဘာဝတောရိုင်း တိရိစ္ဆာန်များလည်း ပါဝင်နေကြောင်း၊ ရုပ်ဝတ္တုပစ္စည်းများကို တန်ဖိုး သတ်မှတ်၍ ရနိုင်သော်လည်း ရှားပါး တိရိစ္ဆာန်များသည် တန်ဖိုးဆုံးဖြတ်၍ မရပါကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို အမျိုးသားရေးအသိအမြင်ဖြင့် ဝိုင်းဝန်းတားဆီးကြရမည် ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ (၁၁) လတာ ကာလအတွင်း (၁၉၂၉)မှုနှင့် တန်ဖိုးကျပ် (၇၄၁၂ ဒသမ ၃၇၀) သန်း ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ဖမ်းဆီးရမိအမှုတွဲ(၁၃)မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် (၃၄၆ ဒသမ ၃၅၆)သန်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီအတွင်း ဖမ်းဆီးရမိအမှုတွဲ (၂၉၈) မှု ၊ ခန့်မှန်းတန်ဖိုး ကျပ် (၆၃၂၃ ဒသမ ၅၀၃) သန်းကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှုများကို တွေ့ရ သော်လည်း ကမ်းရိုးတန်းဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှု မရှိသေးသည့်အတွက် စစ်ဆေးအရေးယူမှုများ ကို ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု သုံးသပ်ရရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။