Trending Now

တာလောကြီးတိုက်နယ်က တောင်သူအများစု ပုံစံ(၇) မရ၍ ဆောင်းချေးငွေ မရမည်ကို စိုးရိမ်နေ

Spread the love

တာလောကြီးတိုက်နယ်က တောင်သူအများစု ပုံစံ(၇) မရ၍ ဆောင်းချေးငွေ မရမည်ကို စိုးရိမ်နေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ်အတွင်းရှိ တောင်သူအများစုတွင် ပုံစံ(၇) မရ၍ ဆောင်းချေးငွေ မရမည်ကို စိုးရိမ်နေကြကြောင်း ယင်းဒေသခံ တောင်သူများထံမှ သိရသည်။

တာလောကြီးဒေသမှ တောင်သူအများစုသည် ပုံစံ (၇) ရရှိရေးအတွက် ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက သက်ဆိုင်ရာမြေစာရင်း ဌာနက လာရောက်မြေတိုင်းတာမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ပုံစံ(၇) မရရှိသေးကြောင်း တောင်သူ ဒေါ်ရင်အုံးက ပြောသည်။

“ကျွန်မတို့ ပုံစံ(၇)ရဖို့အတွက်ဆိုပြီး တစ်ဧက ကို သုံးထောင်နှုန်းနဲ့ ၂၀၁၈ လောက်မှာ မြေတိုင်းသွားတယ် အခုထိလဲ ပုံစံ (၇)က ကျမလာသေးတော့ နှစ်တိုင်း ဆောင်းချေးငွေမရခဲ့ပါဘူး၊ ကျွန်မတို့အနေနဲ့ ချေးငွေမရတော့ အရမ်းခက်ခဲပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းတာလောကြီးတိုက်နယ်ရှိ တောင်သူအများစုမှာ ပုံစံ(၇)မရှိသေးကြောင်း တောင်သူ ဒေါ်တင်ညိုက ဆိုသည်။

” ဒီမှာ ပုံစံ(၇)မရှိသေးတဲ့သူ တော်တော်များတယ် လာတိုင်းသွားတဲ့သူကိုလည်း ဆက်သွယ်လို့ မရတော့ဘူး ကျွန်မတို့ ကလည်း သိပ်နားမလည်တော့ ပုံစံ(၇)ကျအောင် လုပ်ပေးမယ် ပြောပြီး အခုမကျတာ ဘာလို့လဲတော့ မသိဘူး ” ဟု ဆိုသည်။

တာလောကြီးတိုက်နယ်ရှိ တောင်သူများ ပုံစံ(၇) မရရှိသည်မှာ တောင်သူများ လိုအပ်ချက်ကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ မြေစာရင်းဌာနများ၏ ကြန့်ကြာမှုများကြောင့် ဖြစ်ကြောင်း တာလောကြီးတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးက ပြောသည်။

“ကျွန်တော်တို့ တိုက်နယ်ဘက်မှာ ပုံစံ(၇) မရတဲ့သူက တစ်ရာကျော်လောက်ရှိတယ် အခုလည်း ပုံစံ(၇)ရဖို့ မြစ်ကြီးနားကို တောင်သူတွေနဲ့ ရောက်နေတာ ကျွန်တော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ပြည့်စုံအောင် လုပ်ပါတယ် အခုလို ကြန့်ကြာနေတာဟာ ဌာနဆိုင်ရာ လိုအပ်ချက်ကြောင့်ပါ” ဟု ၎င်းကဆိုသည်။

ထို့ပြင် ယင်းပုံစံ(၇) မရရှိသေးသည့် တောင်သူအများစုအနေနှင့် စိုက်ဘဏ်ချေးငွေ မရရှိသည့်အတွက် ပြင်ပက အတိုးနှုန်းများစွာဖြင့် ချေးယူနေကြရပြီး အချို့မှ လုပ်ငန်းအရှုံးပေါ်သဖြင့် အတိုးပင် ပြန်မသတ်နိုင်သူများစွာ ရှိနေကြောင်း တာလောကြီးဒေသ တောင်သူများ ထံမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ရေးဘဏ်အနေဖြင့် ပုံစံ(၇)ရှိသည့် မည့်သည့်တောင်သူကိုမဆို တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ချေးငွေထုတ်ချေးပေးလျက်ရှိရာ လာမည့် အောက်တိုဘာလတွင် ထုတ်ချေးမည့် ဆောင်းသီးနှံ ချေးငွေများ ရရှိရန် ပုံစံ(၇)ရရှိနိုင်ရေး ဒေသခံတောင်သူများ မျှော်လင့်စောင့်စားနေကြသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။