Trending Now

ဝူဟန်အရေး စိတ်မအေးရသောကြောင့် အင်းတော်ကြီး တရားစခန်းပွဲ ရပ်နား

Spread the love

ဝူဟန်အရေး စိတ်မအေးရသောကြောင့် အင်းတော်ကြီး တရားစခန်းပွဲ ရပ်နား

EPN
အင်းတော်ကြီး၊ မတ် ၂၀

ဝူဟန်အရေး စိတ်မအေးရသောကြောင့် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတွင်ပြုလုပ်မည့် (၁၀) ကြိမ်မြောက် တရားစခန်းပွဲအား ရပ်နားခဲ့ကြောင်း သိရသည်။

မိုင်းနောင်ကျေးရွာတွင် (တန်ခူးလဆန်း ၁ ရက်နေ့မှ တန်ခူးလဆန်း ၁၁ ရက်နေ့ထိ) မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် (၁၀) ကြိမ်မြောက် ဝိပဿနာအလုပ်ပေးတရားစခန်းအား လက်ရှိတွင် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေသော ဝူဟန်ဗိုင်းရပ်စ်အား ကာကွယ်သောအားဖြင့် ကျင်းပပြုလုပ်တော့မှာမဟုတ်ကြောင်း တရားပွဲဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

ရပ်ရွာဆရာတော်များ၊ ဂေါပကများ၊ အုပ်ချုပ်ရေးမှူးနှင့် တရားစခန်းဖြစ်မြောက်ရေး ကော်မတီများ အစည်းဝေးပြုလုပ်ပြီး ဝူဟန်ရောဂါ ကြိုတင်ကာကွယ်သောအနေဖြင့် တရားစခန်းပွဲကို မပြုလုပ်တော့ခြင်းဖြစ်ကြောင်း ဆရာဦးထွန်းအောင်က ပြောသည်။

“ဒီရောဂါဖြစ်လာရင် ဘယ်သူ တာဝန်ယူမှာလည်း၊ ဘယ်သူမှ တာဝန်မယူဘူးလေ တာဝန်ယူမှုတာဝန်ခံမှု မရှိတာကြောင့် (၁၀) ကြိမ်မြောက် တရားစခန်းပွဲကို ရပ်နားတာပါ”ဟု ၎င်းကပြောသည်။

“သာသနာရေးဌာနက ထုတ်ပြန်ချက်တော့မရှိသေးဘူး တရားစခန်းက (၁၀) ရက်ဆိုတော့ ကျွန်တော်လည်း တာဝန်မခံနိုင်ဘူး၊ ဖြစ်မယ်မဖြစ်ဆိုတာတော့မပြောတတ်ဘူး၊ ဖြစ်လာရင် တာဝန်အပြည့်ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ခေတ္တရပ်ဆိုင်းထားတယ်။ ဆရာဝန်၊ ထွေအုပ်ကလည်း လမ်းညွှန်မှာကြားထားပါတယ်။ ထုတ်ပြန်ချက်စာတော့ မရောက်ရှိထားသေးဘူး”ဟု မမုန်ကိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တိုက်နယ်ဆရာဝန်တို့၏ လမ်းညွှန်ချက်များနှင့်အညီ မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၊ မတည်အလှူရှင်များက ဝိုင်းဝန်းပြီး မတ်လ ၁၈ နေ့က အစည်းအဝေးတွင် ကျင်းပရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

လက်ရှိတွင် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားနေသော ဝူဟန်ရောဂါကြောင့် လူဦးရေ (၅၀) ထက်ပိုသော ပွဲလမ်းသဘင်များ အခမ်းအနားများ မပြုလုပ်ကြရန် လမ်းညွှန်မှာကြားချက်များ ရှိထားသည်ဟု သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။