Trending Now

မြစ်ကြီးနားမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ၅၀၀ ဝန်းကျင် ပြန်လည်ကျဆင်း

Spread the love

မြစ်ကြီးနားမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ၅၀၀ ဝန်းကျင် ပြန်လည်ကျဆင်း

EPN
မြစ်ကြီးနား၊စက်တင်ဘာလ ၂၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ စက်တင်ဘာလ (၁၄)ရက်နေ့မှ (၂၀)ရက်နေ့အထိ တစ်ပတ်အတွင်း ကျပ်(၅၀၀ )ကျော်ထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၄)ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ 92 တစ်လီတာလျှင် (၂၈၀၀)ကျပ် ရှိခဲ့ပြီး ယနေ့ ရည်ညွှန်းဈေးမှာ 92 တစ်လီတာလျှင် (၂၃၀၀)ကျပ်အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။

ယခုကဲသို့ စက်သုံးဆီ ဈေးနှုန်းများကျဆင်းလာသော်လည်း ဒေသခံပြည်သူများအတွက် ဈေးနှုန်းအဆမတန်မြင့်မားနေသေးကြောင်း၊ လက်ရှိစီးပွားရေးအကျပ်အတည်းမျာကြောင့် ပြည်သူများအနေနဲ့ စက်သုံးဆီများ ယခုထပ် ပိုမိုကျဆင်းလာရန်မျှော်လင့်နေကြကြောင်း မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

“ဆီဈေးက ၅ ရက်ဆက်ကျတာမှန်ပေမဲ့ ကျတဲ့ဆီဈေးက (၂၀၀၀) အောက်ကိုမရောက်သေးဘူး၊ အဲ့တော့ ပြည်သူတွေအတွက် ဘယ်လိုမှကို အဆင်မပြေနိုင်ဘူး၊ ဈေးတွေက ခုန်ပြီးတက်သွားလိုက် ထိုးပြီးကျလာလိုက်နဲ့ ငြိမ်တယ်လို့မရှိဘူး၊ တစ်နေနဲ့ တစ်နေ့က တွက်ဆလို့ မရဘူး၊ ဒီနေ့ဒီဈေးဆိုရင်နောက်နေ့ (၁၀၀)လောက်ခုန်တက်သွားတာလဲရှိတယ် နောက်နေ့က ဆက်တက်မှာလား ပြန်ကျမှာလား မသိတော့ ဆီဆိုင်တွေလည်း ကျဈေးနဲ့ သိပ်မရောင်းရဲကြဘူး ဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

စက်သုံးဆီဈေးနှုန်းကျဆင်းလာသည်ဆိုသော်လည်း ဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ချမှတ်ပေးသည့် သယ်ယူစရိတ်နှင့် မြေမြင် သယ်ယူစရိတ်များမှာလည်း ကွာဟမှုရှိနေသည့် အတွက် အဆင်မပြေမှုများရှိနေကြောင်း ကချင်ပြည်နယ်အတွင်း ရောင်းချနေသည် စက်ဆုံးဆီအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အခက်အခဲတွေကတော့ သယ်ယူရာမှာ အသွားအပြန် (၁၀)ရက်လောက်ကြတယ်၊ လမ်းကြောင်းမှာ တိုက်ပွဲတွေဖြစ်နေရင်လဲပိုကြာတယ်၊ ဒီတော့ ဆီသယ်ကားတွေ မလာသေးရင် ဆိုင်တွေက ကန့်သက်ချက်နဲ့ရောင်းကြတယ်၊ နောက်ပြီး သယ်ယူစရိတ်မှာလဲ သူတို့ ချမှတ်ပေးတဲ့ဈေးနဲ့ မြေပြင်က ကွာနေတော့ ကျနော်တို့အတွက် အဆင်မပြေဘူး၊ ဥပမာ သယ်ယူစရိတ် (၂၃၀)လောက်ကုန်နိုင်တယ်လို့ တွက်ချက်ပေးထားပေမယ့် မြေပြင်မှာက (၂၈၀)လောက်ကုန်နေတော့ ဘယ်လိုမှ အဆင်မပြေတဲ့ အခက်အခဲလေးတွေလဲ ရှိတယ်၊ “ ဟု ၎င်းကပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများမှာ စင်ကာပူနိုင်ငံ MOPS ၏ ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားပြီး ချမှတ်ပေးသည့် ရည်ညွှန်းဈေးနှုန်းများဖြစ်ပြီး ရုရှားနိုင်ငံမှ တင်သွင်းသည့် စက်သုံးဆီများရရှိပါက စက်သုံးဆီဈေးနှုန်းများမှာ ယခုထက် ပိုကျဆင်းနိုင်ဖွယ်ရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းက ပြောဆိုထားသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။