Trending Now

လာချိဒ် လူငယ်များ စည်းလုံးမှု ရှိစေရန် အတွက် ရည်ရွယ်ပြီး အဆင့်မြင့် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးသွားမည်ဟု ဦးဇခုန်ယိန်းဆောင် ဆို

Spread the love

လာချိဒ် လူငယ်များ စည်းလုံးမှု ရှိစေရန် အတွက် ရည်ရွယ်ပြီး အဆင့်မြင့် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးသွားမည်ဟု ဦးဇခုန်ယိန်းဆောင် ဆို
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈
လာချိဒ် လူငယ်များ စည်းလုံးမှု ရှိစေရန် အတွက် ရည်ရွယ်ပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်အုပ်စု ခါ့ကွမ်ရပ်ကွက်အတွင်းရှိသည့် လာချိဒ်ရိုးရာစာပေနှင့်ယဉ်ကျေးမှုကွင်းအတွင်း၌ ဦးဇခုန်ယိန်းဆောင်မှ အဆင့်မြင့် ဖူဆယ်ဘောလုံးကွင်း တစ်ကွင်းတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က လာချိဒ်ရိုးရာစာပေနှင့်ယဉ်ကျေးမှုကွင်း၌ ကျင်းပခဲ့သည့် လာချိဒ်နှစ်သစ်ကူး (ဂျိတ်ကျော့)ပွဲတော်သို့ ဦးဇခုန်ယိန်းဆောင် တက်ရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ လာချိဒ်လူမျိုးတွေ စည်းလုံးညီညွှတ်ဖို့ပါပဲ၊ ကလေးတွေအနေနဲ့ အခုလို မြေသားကွင်းမှာ ကန်နေတော့ ဒဏ်ရာတွေ ရတယ်လေ ဖူဆယ်ကွင်းဆိုတော့ လှလှပပလေးနဲ့ သပ်သပ်ရပ်ရပ်လေးနဲ့ ကျွန်တော်တို့ လူမျိုးအတွက်လည်း ဂုဏ်သိက္ခာရှိမယ် ဒါကြောင့် အဆင့်မြင့် ဖူဆယ်ဘောလုံးကွင်းတစ်ကွင်း တည်ဆောက်လှူဒါန်းပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ဦးဇခုန်ယိန်းဆောင်မှ လာချိဒ်ရိုးရာကွင်းအတွင်း၌ ဖူဆယ်ဘောလုံးကွင်းတစ်ကွင်း အကုန်ကျခံတည်ဆောက်ပေးမည်အပေါ် လာချိဒ်တစ်မျိုးသားလုံး၏ ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဘောမ်ခေါက ဆိုသည်။
“အခုကတော့ မြေနေရာကြည့်နေပြီး လာချိဒ်ကွင်းရဲ့အနောက်ဘက်မှာဖြစ်မယ် ဗဟိုကော်မတီတွေနဲ့ အစည်းဝေးထိုင်မယ် အစည်းဝေးဆုံးဖြတ်ချက်အရ လုပ်ဆောင်ပေးသွားမယ် နောင်လလောက်မှာ စတင်ဖို့ ရှိနေတယ် ဦးဇခုန်ယိန်းဆောင်ကို အထူးကျေးဇူးတင်ပါတယ်”ဟု ၎င်းက ပြောသည်။
လာချိဒ်လူငယ်များအတွက် တည်ဆောက်ပေးမည့် ဖူဆယ်ဘောလုံးကွင်းအား လက်ရှိ မြစ်ကြီးနားမြို့နယ်အတွင်း ပြုလုပ်ဖွင့်လှစ်ထားသည့် ဖူဆယ်ဘောလုံးကွင်းပုံစံ အတိုင်း အဆင့်မြင့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဦးဇခုန်ယိန်းဆောင်က ထည့်သွင်းပြောဆိုသည်။
ဖူဆယ်ဘောလုံးကွင်း တစ်ကွင်းအား ယခုကာလအတွင်း၌ တည်ဆောက်မည်ဆိုပါက ယခင်ကာလများထက် ကုန်ကျစရိတ် ပိုများနိုင်ပြီး ကျပ်သိန်း ၄၀၀ ခန့် ကုန်ကျနိုင်သည်ဟု သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။