Trending Now

မုံရွာမြို့မှာ နေအိမ်ထဲ ရှိနေတဲ့သူကို သေနတ်သမား ၄ ဦးက ဝင်ရောက်ပစ်သတ်

Spread the love

မုံရွာမြို့မှာ နေအိမ်ထဲ ရှိနေတဲ့သူကို သေနတ်သမား ၄ ဦးက ဝင်ရောက်ပစ်သတ်

EPN
မုံရွာ၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်တော်သာ (အက်တော) ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေ ၃ နာရီက နေအိမ်ထဲမှာ မိသားစုနဲ့အတူရှိနေတဲ့ လူတစ်ယောက်ကို အမည်မသိ သေနတ်သမား ၄ ယောက်က ဝိုင်းဝန်းပစ်သတ်သွားတယ်လို့ မုံရွာဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

“မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ ကိုကျော်မြင့်အောင် ခေါ် ကိုမောင်ဇော် ဆိုသူဟာ သူ့ရဲ့နေအိမ်ထဲမှာ မိသားစုနဲ့အတူ ရှိနေတဲ့အချိန် သေနတ်သမားတွေက အမေးအမြန်း မရှိ ဝင်ရောက်ပစ်သတ်သွားတာကြောင့် ဦးခေါင်းနဲ့ လက်မောင်းနေရာတွေမှာ ကျည်ဆံဖောက်ဝင်ပြီး ၊ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သေဆုံးသူ ကျော်မြင့်အောင် ဆိုသူဟာ နိုင်ငံရေး အရောင်အသွေး မရှိဘူး၊ သာမန်အလုပ်သမား တယောက်ဖြစ်တယ်၊ ဘာကြောင့် အခုလို ပစ်သတ်သွားတယ်ဆိုတာ သိနိုင်ဖို့ မုံရွာနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျွဲရဲတောင်ရွာမှာနေတဲ့ သုံးထပ်သား စက်ရုံလုပ်သား တယောက်ကို စက်ရုံကနေ အိမ်အပြန်လမ်းမှာ အမည်မသိ လက်နက်ကိုင်ထားသူတွေက ပစ်သတ်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။