Trending Now

ဓါတ်အားမလုံလောက်မှုများကြောင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များကို အချိန်အပိုင်းသာ မီးပေးသွားမည်

Spread the love

ဓါတ်အားမလုံလောက်မှုများကြောင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များကို အချိန်အပိုင်းသာ မီးပေးသွားမည်

EPN
မြစ်ကြီးနား၊ မတ် ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ရပ်ကွက်တိုင်း လိုလိုတွင် အချိန်ပိုင်း မီးပြတ်တောက်မှုဖြစ်ပွားနေပြီး ယင်းမီးပြတ်တောက်မှုမှာ နိုင်ငံတော်မှ ဓါတ်အားမလုံလောက်မှုနှင့် မလိစက်ရုံရေမလုံလောက်မှုကြောင့် ဓါတ်အားပြတ် တောက်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် ဘူးဂါးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ သိရသည်။

မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်အလိုက် မီးပြတ်တောက်မှုများရှိလာပြီး ယင်းကဲ့သို့ မီးပြတ်တောက်မှုဖြစ်ရခြင်းမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်နှစ်တွေတုန်းကတော့ ကျနော်တို့မြစ်ကြီးနားမြို့က နိုင်ငံတော်ကပေးတဲ့ ခွဲတန်းတွေထဲမှာ (Low ခွဲတန်း) ခွဲတန်းနည်းတဲ့ အထဲမပါခဲ့ဘူး၊ ဒီနှစ်မှပါလာတယ်၊ အဲ့ဒီလို နိုင်ငံတော်ကပေးတဲ့ ဓါတ်အားမလုံလောက်မှုနဲ့ နောက်ပြီး ဘူးဂါးကုမ္ပဏိပိုင်း ရေအားလျှပ်စစ်တွေကလည်း ရေမလုံလောက်မှုတွေကြောင့် ဒီနှစ်မှာ တော့ အရင့်အရင်နှစ်တွေထဲ လျှပ်စစ်မီးပြတ်တောက်တာ ပိုရှိလာတယ်၊ မီးဘယ်ချိန်တွေ ပြတ်တောက်မလဲ ဆိုတာတော့ ဆိုရှယ်မီဒီယာ (Facebook page)ကနေ့ တင်ပြသွားမှာဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှပေးသည့် လျှပ်စစ်ဓာတ်အားလုံလောက်မှု မရှိသည့်အပြင် လာမည့် ဧပြီလအတွင်း ရေမလုံလောက်သည့်အခက်အခဲ ပိုမိုရှိလာနိုင်သည့်အတွက် ယခုထက်ပိုမိုကာ မီးပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကဆက်လက်ပြောပြခဲ့သည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်ကိုအမှီပြုကာ ဆောင်ရွက်နေရသည့်လုပ်ငန်းများမှာ လုပ်ငန်း ကြန့်ကြာမှုများဖြင့် ကြုံတွေ့လာရကြောင်း မြစ်ကြီးနားမြို့မြို့သစ်ကြီးရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

“လျှပ်စစ်မီးရမှ လုပ်ငန်းလုပ်လို့ရတဲ့ ကျနော်တို့လို ကွန်ပြူတာဆိုင်တွေအတွက်ကြတော့ အခုလိုမီးခဏခဏပျက်နေတဲ့အတွက် သတ်မှတ်တဲ့အချိန် လုပ်ငန်းမပြီးတာတွေ ကြုံရတယ် မီးစက်အသုံပြုမယ်ဆိုတော့လဲ ဆီဈေးက ရွှေဈေးလောက်ရှိနေပြန်တော့ အဆင်မပြေဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဘူးဂါးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးကုမ္ပဏီအနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း လူနေအိမ်ခြေ (၅)သောင်းကျော်နှင့် တစ်မြို့နယ်လုံးအတွက် မီဂါဝပ် (၃၀)ကျော် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။