Trending Now

ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် လူမှုကူညီရေးအသင်းများ ရပ်နားရမည့်အခြေအနေနှင့် ကြုံတွေ့နေရ

Spread the love

ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် လူမှုကူညီရေးအသင်းများ ရပ်နားရမည့်အခြေအနေနှင့် ကြုံတွေ့နေရ

EPN
ပုသိမ် ၊ ဇွန်လ ၁၄

ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်နေမှုကြောင့် လူမှုကူညီရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့်ပရဟိတအသင်းများ ရပ်နားရမည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လက်ရှိ ဧရာဝတီတိုင်းတွင် လူမှုကူညီရေးအသင်း ၁၆ ခုရှိသည့်အနက် စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် ပရဟိတလူမှုကူညီရေးအသင်း ၈ သင်းခန့် ရပ်နားထားရပြီး စက်သုံးဆီဈေးနှုန်းထပ်မံမြင့်တက်လာပါက လက်ရှိလည်ပတ်နေသည့် လူမှုကူညီရေးအသင်းများ ထပ်မံရပ်နားရဖွယ်ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အခြေပြု ကပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စက်သုံးဆီဈေးကတက်နေတဲ့အပြင် အခုနောက်ပိုင်း ဝယ်မရတဲ့ပြသနာတွေလည်းဖြစ်တယ် စက်သုံးဆီဈေး တက်တာနဲ့စက်သုံးဆီပြတ်လပ်လာတာကြောင့်အရေး ပေါ်လူနာတွေအတွက်အတော်ကိုအခက်အခဲရှိနေတယ် ဒီအခြေအနေများကြောင့် ပရဟိတအသင်းများက လူနာတင်ယာဉ်များအတွက်စက်သုံးဆီများကိုအား အလွယ်တကူ ဝယ်ယူလို့ရအောင်လုပ်ဆောင်ပေးသင့်တယ် မဟုတ်ရင်တော့ အခုလည်ပတ်နေတဲ့ လူမှုကူညီရေးအသင်းတွေပါ ရပ်နားရတော့မယ့် အခြေအနေဖြစ်နေတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အခြေပြု ကပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လူမှုကူညီရေးအသင်းများအနေဖြင့် လူနာတင်ယာဉ်အသုံးပြုမှုကို လျော့ချထားရပြီး ကားသုံးစီးရှိပါက စက်သုံးဆီအခက်အခဲကြောင့် ကားတစ်စီးဖြင့်သာ ကူညီလုပ်ဆောင်လာနိုင်တော့သည့်အတွက် အရေးပေါ်လူနာများ ၊ နယ်ဝေးပို့ဆောင်ရမည့်လူနာများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

”အရင်တုန်းကဆို ပရဟိတကားနဲ့ သွားရင်ဆီးဖိုးငွေကျပ် ၅၀၀၀ လောက်ဘဲပေးပါဆိုပြီးလိုက်ပို့ပေးတာပါ ဆီဈေးကတက်တော့ ပရဟိတအသင်းတွေကလည်း အရင်လိုမတတ်နိုင်ဘူးလို့ပြောတယ် လူနာတွေအနေနဲ့ ဆေးကုရမယ့် ပိုက်ဆံရယ် ကားဆီဖိုးရယ် စရိတ်မြင့်လာတဲ့အတွက် တစ်ချို့တွေလည်း ဖြစ်သလိုပဲ နေနေရတဲ့အခြေအနေ ဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်ဇွန်လ ပထမ အပတ်မှ စတင်ကာ 92 တစ်လီတာ ၂၅၅၀ ကျပ်၊ 95တစ်လီတာ ၂၆၅၀ ကျပ်၊ဒီဇယ်တစ်ဂါလံ ၂၇၁၂၅ ကျပ် အထိ ရှိနေသလို ဝယ်မရသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့်အတွက် စက်သုံးဆီအသုံးပြုပြီး လုပ်ကိုင်နေရသည့် ပို့ဆောင်ရေးလုပ်ငန်း၊ အသေးစား၊အလတ်စားအိမ်တွင်းမှု၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူများလည်း အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။