Trending Now

ဆိုင်ကယ်တစ်စီး ဆီတစ်လီတာပင်မရသဖြင့် နှစ်ကြိမ်တန်းစီဝယ်ယူရဟု ‌မြစ်ကြီးနား ဒေသခံများဆို

Spread the love

ဆိုင်ကယ်တစ်စီး ဆီတစ်လီတာပင်မရသဖြင့် နှစ်ကြိမ်တန်းစီဝယ်ယူရဟု ‌မြစ်ကြီးနား ဒေသခံများဆို
EPN
ပြည်သူ့အသံကဏ္ဍ
မြစ်ကြီးနား၊ ဩဂုတ် ၁၃
ဆိုင်ကယ်တစ်စီးအတွက် ဓါတ်ဆီတစ်လီတာပင် ဝယ်မရသဖြင့် အနည်းဆုံးနှစ်ကြိမ် ထပ်မံ တန်းစီဝယ်ယူရဟု ‌မြစ်ကြီးနား ဒေသခံများဆို ကြသည်။
ကချင်ပြည်နယ်၏ မြို့တော် ဖြစ်သော မြစ်ကြီးနားရှိ စက်သုံးဆီရောင်းချပေးနေသည့်
ပန့်ဆိုင်ကြီးများတွင် ယမန်နေ့(ဩဂုတ် ၁၂) အလှည့်ကျ တန်းစီစနစ်ဖြင့် ရောင်းချနေပေးနေရာ ဆိုင်ကယ်တစ်စီးလျှင် ကျပ်နှစ်ထောင်ဖိုး အိမ်စီးကား တစ်စီးလျှင် ကျပ် တစ်သောင်းဖိုးဖြင့်သာ ရောင်းချပေးသဖြင့် စက်သုံးဆီ လိုအပ်နေသူများ အခက်တွေ့နေရသည်ဟု မြို့ခံများက ဆိုသည်။
“ဆိုင်ကယ် တစ်စီး နှစ်ထောင်ဖိုးပဲ ရတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ၊ နှစ်ခါတန်းစီ ပြီးဝယ်ရတယ်၊ မနေ့ကလည်း ပန့်ဆိုင်ကြီးတွေမှာ ဆီထည့်ဖို့ တန်းစီစောင့်နေရင်း နေ့လယ်ပိုင်းမှာ ဆီအရောင်းပိတ်လိုက်တော့ ဝယ်လို့ မရတော့ဘူး၊ ဒါကြောင့် ဒီနေ့တော့ အစောကြီးလာပြီး တန်းစီ စောင့်နေတာ၊ ဒီနေ့ရော ကိုယ့်အလှည့် ရောက်မလား မသိဘူး”ဟု လာရောက် တန်းစီ ဝယ်ယူနေသည့် မြို့ခံတစ်ဦးက ပြောပြသည်။
မြစ်ကြီးနားတွင် ယနေ့ စက်သုံးဆီဈေး ရောင်းချနေသည့် ဈေးမှာ 92 တစ်လီတာလျှင် (၂၆၀၀)ကျပ်၊ 95တစ်လီတာလျှင် (၂၈၅၀)ကျပ်ဖြစ်ပြီး ဆိုင်ကယ်တစ်စီးလျှင် ကျပ်နှစ်ထောင်ဖိုး၊ အိမ်စီးကား တစ်စီးလျှင် ကျပ် တစ်သောင်းဖိုးဖြင့်သာ ရောင်းချပေးနေသည်ဟု သိရသည်။
“ဆီနှစ်ထောင်ဖိုးက လီတာဝက်ကျော်ကျော်ပဲ ‌ရတယ်၊ အပြင်ထွက် ဟိုနားဒီနားသွားတာနဲ့ကုန်ပြီ မနေ့ကဆို ကလေးတွေ ကျောင်းအကြိုအပို့ လုပ်ရင်း ဆီပြတ်သွားလို့ တွန်းပြန်ရတယ်” ဟု ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။
ဩဂုတ်လ ၁၃ ရက် ယနေ့တွင် မြစ်ကြီးနားမြို့ခံများအနေဖြင့် လိုအပ်သော ဓါတ်ဆီ ရရှိနိုင်ဖို့အတွက် အဆမတန်ကြီးမြင့်သော ဈေးဖြင့် တန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေရသည့် အပြင် လိုသလောက်မရသဖြင့် အနည်းဆုံး နှစ်ကြိမ်ထပ်မံ တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြရသည်ကို တွေ့ရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။