Trending Now

မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူများထံမှ သိန်း ၇၀၀ ကျော် ခြိမ်းခြောက်ငွေတောင်းယူခဲ့သည့် ရဲပြေး ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးဖမ်းဆီးရမိ

Spread the love

မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူများထံမှ သိန်း ၇၀၀ ကျော် ခြိမ်းခြောက်ငွေတောင်းယူခဲ့သည့် ရဲပြေး ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးဖမ်းဆီးရမိ
EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၃
မူးယစ်ဆေးဝါးရောင်းဝယ်၊သုံးစွဲသူများအား ဖမ်းဆီးခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေးတောင်းယူ ခဲ့ကြသည့် ရဲပြေး ၁ ဦး၊ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့်အမျိုး သား ၅ ဦးတို့အား သြဂုတ် ၂၈ ရက်မှစတင်၍ အ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း နစက အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ ခြိမ်းခြောက်ငွေကြေးတောင်းယူမှုများရှိကြောင်း သတင်းအရ လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းထောက်လှမ်းဖမ်းဆီးရာမှ ဩဂုတ်လ ၂၈ ရက်ည ၇ နာရီတွင် ရန်ကုန်တိုင်း ၊ဗဟန်းမြို့နယ်၊ရေတာရှည်ရပ်ကွက်၊ရေတာရှည်လမ်းဟောင်း၌ ကိုတင်ဝင်းအောင် (ခ)တင်ကြီး (၂၈)နှစ်နှင့်ကိုမင်းအောင်(ခ)အောင်ထက်မြတ် (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
အလားတူ ည ၈ နာရီတွင်လည်း ရန်ကင်းမြို့နယ်၊ “Real Link” Hotel ၌ ဗဟန်းမြို့နယ်နေ ကိုနိုင်လင်းအောင်(ခ)ဝဏ္ဏ(၂၅)နှစ်၊ရန်ကင်းမြို့နယ်နေသူများဖြစ်သည့် ကိုခိုင်မျိုးဝင်း(ခ)ဘုန်းလူ(၂၇) နှစ်နှင့်ရဲတပ်သားအဆင့်မှရဲပြေးအဖြစ် ကြော်ငြာခံထားရသူ ကိုဝေဖြိုးထွန်း(ခ)ဝေဖြိုး (၂၇)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ည ၈ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ရေတာ ရှည်ရပ်ကွက်၊ရေတာရှည်လမ်းဟောင်း၌ ကိုဥက္ကာမင်း(ခ)လင်းသန့်ဦး(၂၄)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည့် ဗဟန်းမြို့မရဲစခန်းမှရဲတပ်သား ၄ ဦးနှင့်ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်သား ၂ ဦးတို့ကိုလည်း သက် ဆိုင်ရာရဲစခန်းများ၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများအား ဖော်ထုတ်စစ်ဆေးချက်အရ ၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်၊သြဂုတ်လအထိ ခြိမ်းခြောက်ငွေကြေးတောင်းယူမှု ၁၄ ကြိမ်ပြုလုပ်ခဲ့ကြပြီး ငွေကျပ် ၇၀၇ သိန်း ၃ သောင်းရရှိခဲ့ကာ ခွဲဝေသုံးစွဲခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအနက် ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့်ရဲပြေး ၁ ဦးတို့အား ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေနှင့်နယ်ဘက်ဆိုင်ရာ ရာဇသတ်ကြီးဥပဒေတို့အရ အရေးယူရန်ဆောင်ရွက်လျက်ရှိပြီး အခြားအမျိုးသား ၅ ဦးကိုလည်း ရာဇသတ်ကြီးဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။