Trending Now

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံဖို့ ပြင်ဆင်နေ

Spread the love

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံဖို့ ပြင်ဆင်နေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမှု မူကြမ်းကို ပြင်ဆင်နေပြီး တင်သွင်းမယ့်အချိန်ကိုလည်း သူကိုယ်တိုင်ပဲ ဆုံးဖြတ်သွားမယ်လို့ သူ့ရဲ့ ရှေ့နေတွေက သြဂုတ်လ ၃၀ ရက်နေ့က ပြောပါတယ်။

နိုင်ငံရပ်ခြားမှာ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရတဲ့ သက်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ အာဏာအလွဲသုံးစားလုပ်မှုအပါအဝင် စွဲချက်များစွာနဲ့ ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူရောက်ရှိပြီး နာရီပိုင်းအကြာမှာပဲ ရှင်နာဝပ်မိသားစု ကျော်ထောက်နောက်ခံပြု ဖြူးထိုင်းပါတီက ဆရက်သာဗင်ဆင်ကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် လွှတ်တော်ကရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။

သက်ဆင်နဲ့ ရန်သူတော်ဟောင်းတွေကြား အပေးအယူ လုပ်ခဲ့ကြတယ်လို့ ထင်ကြေးပေးနေတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သက်ဆင်နဲ့ ဖြူးထိုင်းပါတီကတော့ ဒါကို ငြင်းဆိုထားပါတယ်။

သက်ဆင်ဟာ ဖမ်းဆီးခံရပြီး တစ်ရက်မပြည့်ခင်မှာပဲ သွေးတိုး၊နှလုံးရောဂါတွေနဲ့ ရဲဆေးရုံကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ အဲဒီနောက် သြဂုတ်လ ၃၀ ရက်နေ့မှာတော့ သူရဲ့ ရှေ့နေဖြစ်သူက သက်ဆင်ဟာ တော်ဝင်လွှတ်ငြိမ်းချမ်းသာခွင့် တောင်းခံဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ရိုက်တာကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“သက်ဆင်က သူ့ဘာသာသူ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စာတမ်းပြုစုခြင်းနဲ့ တောင်းဆိုချက်မူကြမ်းရေးဆွဲခြင်းအတွက် ပြင်ဆင်ဆဲအဆင့်မှာပဲရှိနေပါသေးတယ်” လို့ သူ့ရဲ့ ရှေ့နေ က ပြောကြားခဲ့ပြီး အဆိုပါတောင်းဆိုမှုကို ဘယ်ဥပဒေအဖွဲ့ကမှ မတွေ့ရသေးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

သက်ဆင်ရဲ့ အတိုက်အခံအဖွဲ့တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံဖို့ ကြိုးပမ်းမှု မှန်သမျှကို ပိတ်ပင်ဖို့ အသနားခံစာတင်ထားပြီး အဂတိလိုက်စားမှု ကိစ္စရပ်တွေအတွက် သက်သာခွင့်မရသင့်ကြောင်း ကိုးကားပြောဆိုနေကြပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။