Trending Now

စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ပေးမည်ဟု နစကဥက္ကဋ္ဌ ဆို

Spread the love

စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ပေးမည်ဟု နစကဥက္ကဋ္ဌ ဆို

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၆

စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာအာမခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေးကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယင်းကဲ့သို့ ပြောကြားခဲ့သည်။

“ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ကျွန်တော်တို့ အနေနဲ့ အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးမှု မရှိစေဖို့နဲ့ စီးပွားရေးဆိုင်ရာ အာမခံချက်ကို ကျွန်တော် အနေနဲ့ အာမခံချက်ပေးပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရ သက်တမ်း နှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ် တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိကြောင်း၊ ယခုအခါမိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ ပေါ့ပေးထားကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယဉ်များအတွက် လိုအပ်သည့်တာယာများကို ပြည်တွင်း၌ လုံလောက်စွာရရှိအောင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ ရာဘာကို အခြေခံသည့် တာယာထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အား ပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော် မတီဥက္ကဋ္ဌများနှင့် (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။