Trending Now

KIA၊ PDF ပူးပေါင်းအဖွဲ့မှ စခန်းငယ်တစ်ခုအား ဝင်ရောက်တိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဟု ရှမ်းနီအမျိုးသားတပ်မတော် (SNA)မှ ပြော

Spread the love

KIA၊ PDF ပူးပေါင်းအဖွဲ့မှ စခန်းငယ်တစ်ခုအား ဝင်ရောက်တိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဟု ရှမ်းနီအမျိုးသားတပ်မတော် (SNA)မှ ပြော

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံလောင်ပေပင်အုပ်စု၊ နန့်တောင်ကျေးရွာ အနီးရှိ ရှမ်းနီတပ်မတော် ရှေ့တန်းစခန်းငယ် တစ်ခုအား ယနေ့ နံနက်ပိုင်း ၅နာရီ အချိန်က KIA၊ PDF ပူးပေါင်းအဖွဲ့မှ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခဲ့သည့်အတွက် ပြန်လည် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမျိုးသား တပ်မတော် (SNA)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်သည်။

နန့်တောင်ကျေးရွာအနီးရှိ ရှမ်းနီအမျိုးသာတပ်မတော် စခန်းငယ်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ အင်အား နှစ်ရာခန့်ဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ဝင်ရောက်တိုက်ခဲ့ပြီး ရှမ်းနီအမျိုးသားတပ်မတော် အဖွဲ့မှ ကျေးရွာပြည်သူလူထု ထိခိုက် မရှိစေရန် စခန်းနောက်ဆုတ်ပေးလိုက်ကြောင်း ရှမ်းနီအမျိုးသား တပ်မတော် (SNA)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဒီမနက်မှာ ကျွန်တော်တို့ရဲ့ ရှေ့တန်း‌နေရာ စခန်းငယ် တစ်ခုကို KIA၊ PDF ပူးပေါင်းအဖွဲ့အင်အား နှစ်ရာလောက်နဲ့ ဝင်တိုက်တယ်။ ကျွန်တော်တို့ စခန်းငယ်မှာက လူဆယ်ယောက်လောက်ဘဲ နေထားတာ နောက်ပြီး ရွာနဲ့နီးတော့ ရွာသူရွာသားတွေ စစ်ဘေးစစ်ဒဏ်ခံရမှာဆိုးလို့ အသာလေ နောက်ဆုတ်ပေးလိုက်တာ “ဟု ၎င်းကပြောသည်။

အဆိုပါ ရှမ်းနီးတပ် စခန်းငယ်အား KIA၊ PDF ပူးပေါင်း အဖွဲ့မှ သိမ်းယူခဲ့သည့် ဖြစ်စဉ်တွင် ရှမ်းနီးအမျိုးသားတပ်မတော် ဘက်မှု အထိခိုက်နစ်နာမှုမရှိဘဲ တပ်စခန်းအား ဆုတ်ပေးခဲ့ပြီး KIA၊ PDF ပူးပေါင်းအဖွဲ့မှ နယ်မြေစိုးမိုးမှု ရရှိစေရန် ပင်ခါလမ်းဆုံ တွင် လူအင်အား (၅၀၀)ခန့်ဖြင့် လမ်းသွားလမ်းလာ ကားဆိုင်ကယ်များကို စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

စစ်ဖိနပ်အောက် တွင် မနေလို၍ လက်နက်ကိုင်‌တော်လှန် နေသည့် အဖွဲ့ တစ်ခုကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ကျူးကျော်တိုက်ပွဲဖော်နေမှုကို ရှမ်းနီအမျိုးသာ တပ်မတော်အနေဖြင့် ချမှတ်ထားသည့် လမ်းစဉ်အရ ပြန်တိုက်ခိုက်မည်ဟု ထည့်သွင်းပြောဆိုသည်။

“စစ်ဖိနပ်အောက်မှာ မနေချင်ကျသူအချင်းချင်း တော်လှန်နေတာကို ကျွန်တော်တို့ကို ဦးတည်ချက်ရှိရှိ တိုက်ခိုက်နေတာကို ကျွန်တော်တို့အနေနဲ့ ဆက်ပြီးသည်းခံတော့မှာမဟုတ်ဘူး ကျွန်တော်တို့ ချမှတ်ထားတဲ့ လူထု ကာကွယ်စောင့်ရှောက်ရေးနဲ့ ဒေသလုံခြုံရေးအတွက် ကျွန်တော်တို့တွေ သူတို့ကို ပြန်လည်ခုခံသွားမှာပါ “ဟု ၎င်းကပြောသည်။

KIA အနေဖြင့် ရှမ်းနီမျိုးနွယ်စု အများဆုံးနေထိုင်သည့် ဒေသတို့တွင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်‌နေခြင်းသည် ရှမ်းနီဒေသများတွင် စစ်ဘေးစစ်ဒဏ်သင့်စေရေးနှင့် ကချင်ဝန်ပေါင် နိုင်ငံခွဲထွက်ရေးကိုသာ ဦးတည်လုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်အပေါ် PDF နှင့် NUG အဖွဲ့တို့ က လက်ခံသဘောတူလိုက်ပြီးလားဟု ရှမ်းနီအမျိုးသားတပ်မတော် (SNA)မှ တာဝန်ရှိသူ တစ်ဦးက မေးခွန်းထုတ် ပြောဆိုလိုက်သည်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်းပေါ် KIA လက်နက်ကိုင်အဖွဲ့အစည်းက အခွင့်ကောင်းယူကာ ဖက်ဒရယ် လမ်းစဉ်ကို ရည်ညွှန်းဖော်ဆောင်နေခြင်းမရှိဘဲ ကချင်ဝန်ပေါင်နိုင်ငံခွဲထွက်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ပြီးခဲ့သည့် လပိုင်းနှင့် ယခုလပိုင်းအတွင်းတို့တွင်တပ်မတော် တပ်ရင်းများကို ဦးတည်တိုက်ခိုက်မှု မရှိသော်လည်း ရှမ်းနီအမျိုးသားတပ်မတော် စခန်းများနှင့် ရှမ်းနီမျိုးနွယ်စု အများဆုံးနေထိုင်သည့် ဒေသတို့တွင် ကျူးကျော် ဝင်ရောက် တိုက်ပွဲဖော်ဆောင်ကာ ကျေးရွာဒေသများကို ဖျက်လို့ဖျက်ဆီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။