Trending Now

ဖားကန့်မြို့နယ် မမုံစက်လှေဆိပ်အနီး ဓားခုတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

Spread the love

ဖားကန့်မြို့နယ် မမုံစက်လှေဆိပ်အနီး ဓားခုတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်ကျေးရွာနှင့် ဖားပြင်ကျေးရွာအကြား မမုံစက်လှေဆိပ်အနီးတွင် ဓားခုတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦးရုပ်အလောင်းကို ယမန်နေ့ ဇူလိုင်လ (၁၁)ရက်နေ့ နေ့လည် (၁)နာရီခန့်က တွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသားအလောင်းမှာ ဥရုချောင်းအတိုင်းမြောပါလာပြီး မမုံစက်လှေဆိပ်အနီး ကမ်းစပ်တွင်တင်ကျန်နေသည်ကို ရေမဆေးသမားများနှင့် စက်လှေသမားများမှ တွေရှိခဲ့ပြီး လက်ရှိအချိန်အထိ မည်သူမည်ဝါဖြစ်ကြောင်းစုံစမ်းသိရှိခြင်းမရှိသေးကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ သေဆုံးသူရုပ်အလောင်းက နေ့လည်(၁)နာရီလောက်မှာ မမုံစက်လှေဆိပ်အနီးမှာ ဥရုချောင်းအတိုင်းမြောပါလာတာကိုတွေ့ရပြီး ဆယ်ယူထားတယ်၊ ဒါပေမဲ့ သေဆုံးသူက ရေထဲမှာ ရက်အတော်ကြာလောက်ပြီထင်တယ် ပုတ်ပွနေတယ်၊ ဓားခုတ်ဒဏ်ရာတွေလဲတွေ့ရတယ်၊ညာဘက် ဒူးလောက်မှ တော်တော်လေးပြင်းထန်တဲ့ ဓားခုတ်ဒဏ်ရာနဲ့ ဗိုက်မှာလည်း ဓားဒဏ်ရာတွေရတယ်၊”ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ ညာဘက် ဒူးခေါင်းတွင် ဓားခုတ်ဒဏ်ရာနှင့် ဝမ်းဗိုက်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသားရုပ်အလောင်းမှာ အသက် (၃၀)ကျော်အရွယ်ရှိသည်ဟု ခန့်မှန်းရပြီး မည်သူမည်ဝါဖြစ်ကြောင်းမသိရ၍ သင်္ခါ လူမှု့ကူညီရေးအသင်း မှာ မြေမြှုပ်သဂြိုင်္ဟ်ထားပြီးဖြစ်ကြောင်းသိရသည်။

အလားတူ ဖားကန့်မြို့နယ်တွင် မကြာခဏ လုပ်ကြံသတ်ဖြတ်သည့် ဖြစ်စဉ်များဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လ (၂၀)ရက်နေ့ကလည်းမှော်စီစာကျေးရွာ ဆိုင်းဘုတ် အနီးတွင် လက်ပြန်ကြိုးတုတ်ကာ လုပ်ကြံ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း( ၃)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။