Trending Now

အင်ဂျန်းယန်မှ ဂရိတ်ဖုသီးများ ထွက်ရှိပြီ ဖြစ်သော်လည်း ဝယ်လိုအား ငြိမ်သက်နေဟုဆို

Spread the love

အင်ဂျန်းယန်မှ ဂရိတ်ဖုသီးများ ထွက်ရှိပြီ ဖြစ်သော်လည်း ဝယ်လိုအား ငြိမ်သက်နေဟုဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၈ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် အတွင်းမှ ထွက်ရှိသည့် ရာသီပေါ် ဒေသ အသီးနှံတစ်ခုဖြစ်သည့် ဂရိတ်ဖုသီးများ ထွက်ရှိနေပြီ ဖြစ်သော်လည်း မြစ်ကြီးနားတွင် ဝယ်လိုအား ငြိမ်သက်နေကြောင်း ဂရိတ်ဖုသီး လက်လီလက်ကား ရောင်းချသူများထံက သိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ ဂရိတ်ဖုသီးများ ထွက်ပေါ်ခြင်း မရှိသေးသည့် အတွက် အင်ဂျန်းယန် ဒေသမှ ဂရိတ်ဖုသီးများကိုသာ ရောင်းချလျက်ရှိကြောင်း ဂရိတ်ဖုသီး ရောင်းသူများထံက သိရသည်။

“အခုအချိန်က ပူတာအိုသီး မထွက်သေးလို့ အင်ဂျန်းယန် ဘက်က အသီးတွေကို ယူရောင်းနေတာပေါ့၊ ဝယ်သူနည်းပါးနေတယ်”ဟု အသီးသည် တစ်ဦးက ပြောပြသည်။

အင်ဂျန်းယန် ဒေသမှ ထွက်ရှိသည့် ဂရိတ်ဖုသီး အများစုသည် အခွံထူ၍ အရည်ထွက်နည်းပြီး ပူတာအိုဒေသမှ ထွက်ရှိသည့် ဂရိတ်ဖုသီးနှင့် ကွာကြောင်း မြစ်ကြီးနားမြို့ နေသူ စားသုံးသူ တစ်ဦးက ရှင်းပြသည်။

“ဂရိတ်ဖုသီးဆိုရင် ပူတာအိုက အသီးက ပိုကောင်းတာပေါ့ အခွန်ပါးတယ်၊ ချိုတယ်၊ အရည်ရွှမ်းတယ်တယ်။ လက်ဆောင်ပေးတဲ့အခါမှာလည်း အလုံးလှတယ် အဲ့ဒီတော့ ပူတာအိုဘက်က လာတဲ့ အသီး လှိုင်လှိုင်ပေါ်မှ ကျွန်မတို့ မြို့ပေါ်က ဝယ်ကြတာများတယ်”ဟု ၎င်းက ပြောသည်။

မြစ်ကြီးနားမြို့တွင် ယခုရောင်းချနေပြီ ဖြစ်သော အင်ဂျန်းယန် ဂရိတ်ဖုသီး အလုံးကြီး တစ်လုံးလျင် (၁၃၀၀) ကျပ်၊ အလုံးသေး (၁၀၀၀) ကျပ် တို့ဖြင့် ရောင်းချနေကြောင်း သိရသည်။

အဆိုပါ ဂရိတ်ဖုသီးသည် အချဉ်ဓာတ် ကဲ၍ အရည်ရွှမ်းသော သံပရာ မျိုးနွယ်ဝင်ဖြစ်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အသီးဖြစ်ရာ ဂရိတ်ဖရုသီး စားသုံးခြင်းဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် လေဖြတ် ရောဂါတို့ကို ကာကွယ်နိုင်ပြီး ကိုယ်ခန္ဓာအတွင်း အစာခြေစနစ်ကို ထိန်းညှိပေးခြင်း၊ အသားအရေကို လှပစေခြင်းတို့ကြောင့် ဒေသခံနှင့် အနယ်နယ် အရပ်ရပ်မှ ပြည်သူများက နှစ်ခြိုက်စွာ စားသုံးကြကာ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကပါ ကချင်ပြည်နယ် ပူတာအိုဒေသထွက် လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိသည်။

ပူတာအို ဂရိတ်ဖုသီးများကို ဒီဇင်ဘာလ နှင့် ဇန်နဝါရီလတို့တွင် ခူးဆွတ်ပြီး ပြည်နယ်အတွင်း သာမက အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လက်လီလက်ကား တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။