Trending Now

ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာအနီး ကားများကို KIA၊ PDF အဖွဲ့များက အတင်းအဓမ္မ ဆက်ကြေးကောက်နေသဖြင့် ယာဉ်မောင်းများ အခက်အခဲဖြစ်နေ

Spread the love

ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာအနီး ကားများကို KIA၊ PDF အဖွဲ့များက အတင်းအဓမ္မ ဆက်ကြေးကောက်နေသဖြင့် ယာဉ်မောင်းများ အခက်အခဲဖြစ်နေ

EPN
မြစ်ကြီးနား၊ မတ် ၁၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာအနီး ဖြတ်သန်းသွားလာသည့် ကားများကို KIA၊ PDF အဖွဲ့များက အတင်းအဓမ္မ ဆက်ကြေးကောက်နေသဖြင့် ယာဉ်မောင်းများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာ၊ နယ်ခြားစောင့်တပ်ဖွဲ့ စခန်းဟောင်းနေရာအနီးတဝိုက်နှင့် လမ်းခုလတ်များတွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ခရီးသည်ကားများ၊ ကုန်စည်ပို့ဆောင်ရေး ကားများ အပြင် အိမ်စီးကားများကိုပါ အတင်းအဓမ္မ ဆက်ကြေး ကောက်နေကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများ၏ ပြောကြားအချက်အရ သိရသည်။

“KIA၊ PDF ပူးပေါင်းအဖွဲ့က ဒီနှစ်စပိုင်းကတည်းက အခုလို ကောက်နေတာ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်၊ ဒီနေ့လဲမနက် ၇ နာရီ အချိန်လောက်ကစပြီး ကောက်နေတာ ဟုတ်တယ်၊ လမ်းဘေးမှာ ယူနီဖောင်းတွေနဲ့ရော အရပ်ဝတ်တွေနဲ့ရော သေနတ်တွေ ကိုင်ထားကြပြီး ဖြတ်လာသမျှ ကားတွေ အကုန်လုံးကို တားတယ်၊ ရပ်ခိုင်းတယ်၊ အိမ်စီးကား၊ ခရီးသယ်ပို့ဆောင်ရေးကား၊ ကုန်စည်ကားတွေ အကုန်လုံးကို ငွေတောင်းတယ်၊ ဖြတ်ပိုင်းပေးတာလဲ ရှိသလို မပေးတာတွေရော ရှိတယ်၊ ကျနော်လဲ ငွေသိပ်မပါတာနဲ့ ငါးသောင်းကို တောင်းတောင်းပန်ပန်နဲ့ ပေးလိုက်ရတယ်၊ ကျနော့ မိတ်ဆွေတချို့ဆို တစ်သိန်းခွဲကနေ သုံးသိန်းအထိ ပေးလိုက်ရတယ်။”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ဆက်ကြေးလာရောက်ကောက်နေသည့် KIA၊ PDF ပူးပေါင်းအဖွဲ့သည် အိမ်စီးကား တစ်စီးလျှင် ကျပ် (၂)သိန်း၊ ခရီးသယ်ပို့ဆောင်ရေး ကားများကို ကျပ် (၅) သိန်းတို့နှင့် ကုန်စည်ပို့ဆောင်ရေး ကားများကို ကျပ် (၁၀)သိန်းအထိ မပေးမနေရ အတင်းအဓမ္မ တောင်းယူ ကောက်ခံနေကြောင်း၊ ရံဖန်ရံခါတွင် ဆန်နှင့် ကုန်ပစ္စည်းအချို့ကိုပါ တောင်းယူသဖြင့် ပေးလိုက်ရကြောင်း ယင်းလမ်းပိုင်း၌ သွားလာနေသူများထံက သိရသည်။

“ငွေတောင်းတယ်၊ ပစ္စည်းတွေကိုပါယူကြတယ်၊ အခုအချိန်မှာ အဆင်ပြေနေတဲ့သူဆိုတာ မရှိဘူး၊ အားလုံး အခက်အခဲ ဖြစ်နေကြတာ၊ ဒီကြားထဲ တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး အခုလို ပြည်သူတွေဆီက အတင်းအဓမ္မ ငွေတောင်းနေတာက သိပ်တော့မဟုတ် သေးဘူး၊ ဒီလုပ်ရပ်ဟာ အကြမ်းဖက် ဓါးပြတိုက်နေတာပဲ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူအပေါ် လက်နက်အအားကိုးပြီး အနိုင်ကျင့်နေတဲ့ KIAနဲ့ PDF တွေကို မြန်မြန်ရှင်းထုတ် ပေးကြပါလို့ ပြောချင်တယ်” ဟုလည်း ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ လမ်းခရီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ယင်းကဲ့သို့ ဆက်ကြေးကောက်၊ ပစ္စည်းယူ၊ လူသစ်ဆွဲနေမှုများ ရှိနေသည့်အတွက် ယင်းလမ်းခရီး၌ သွားလာနေသူများမှာ အခက်အခဲများစွာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

KIA, PDF လက်နက်ကိုင်အဖွဲ့ အနေဖြင့် ယင်းပတ်ဝန်းကျင်တွင် ခရီးသွားပြည်သူများအား မကြာခဏ ဆက်ကြေးလာကောက်လေ့ရှိကြောင်း သိရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း မန်ဝိန်းကျေးရွာအနီးတွင် ဆက်ကြေး လာရောက်ကောက်နေသည့် KIA,PDF လက်နက်ကိုင် အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – ပိုင်ကြီး
ဓါတ်ပုံ – ယမန်နေ့ ဆက်ကြေးကောက်ခံသည့် ဖြတ်ပိုင်းတစ်ခု

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။