Trending Now

မြစ်ကြီးနားမြို့ စတိုးဆိုင်တစ်ခုအတွင်း သေနတ်အတုဖြင့် ခြိမ်းခြောက်ငွေတောင်းခံသည့် လူငယ်လေးဦး အနက် တစ်ဦးဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ စတိုးဆိုင်တစ်ခုအတွင်း သေနတ်အတုဖြင့် ခြိမ်းခြောက်ငွေတောင်းခံသည့် လူငယ်လေးဦး အနက် တစ်ဦးဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ဩဂုတ် ၂၃

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အတွင်းရှိ စတိုးဆိုင်တစ်ခုအတွင်း သေနတ်အတုဖြင့် အခွန်ကောက်ခံမည်ဆိုကာ လက်နက်ပြခြိမ်းခြောက်ခဲ့သည့် လူငယ်လေးဦးအား အနီးအနားရှိပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးရမိခဲ့ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က မြေမြင့်ရပ်ကွက် လမ်းသွယ် (၁၂) အတွင်းရှိ စတိုးဆိုင်အတွင်း ဆိုင်ရှင်အမျိုးသမီး တစ်ဦးတည်း ရှိနေစဉ် လူငယ်လေးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် လူငယ်သုံးဦးမှ ဆိုင်အတွင်းဝင်ရောက်ကာ အခွန်ကောက်ခံမည်ဟုပြောဆိုသည့်အတွက် အမျိုးသမီးမှ ၎င်း၏အမျိုးသား အပြင်သွားနေသည့်အတွက် ညနေမှ လာရောက်ရန် ပြောဆိုသော်လည်း အတင်းအကျပ်တောင်းခံနေသည့်အတွက် ခေတ္တစောင့်ဆိုင်းရန် ပြောဆို၍ ဘေးအိမ်သို့ အကူအညီလှမ်းတောင်းရာမှ လူငယ်သုံးဦးမှာ ကြောက်လန့်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက ပြောဆိုသည်။

“တစ်ယောက်က အပြင်မှာ စောင့်နေတာ သုံးယောက်က ဆိုင်ထဲဝင်လာတယ် ဘာကိစ္စလည်းလို့ မေးတော့ သူတို့ဆီမှာပါလာတဲ့ စာရွက်စာတမ်းတွေပြပြီး အခွန်လာကောက်တာ ပြောတယ် သေနတ်အတုလည်းပါတယ် အဲ့တာနဲ့ ကျွန်မအမျိုးသားလည်းမရှိဘူး ညနေမှ လာခဲ့လို့ ပြောတာလည်းမရဘူး အဲ့တာနဲ့ ခဏနေဦးဆိုပြီး ဘေးအိမ်ကလူကို အကူအညီတောင်းတဲ့အချိန်မှာ ထွက်ပြေးသွားကြတာ ဆိုင်အပြင်မှာ ဆိုင်ကယ်နဲ့ စောင့်နေတဲ့ တစ်ယောက်ကိုတော့ ရပ်ကွက်က ဝိုင်းဖမ်းလို့မိတယ် ဆိုင်ထဲဝင်လာတဲ့သုံးယောက်က လွှတ်သွားတယ်”ဟု ကာယကံရှင်အမျိုးသမီးက ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်မှာ မြစ်ကြီးနားမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှ ခွင့်ယူထားသည့် ဆယ်တန်းနှစ်ကျ ကျောင်းသားတစ်ဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့် လူငယ်သုံးဦးမှာ အသက် ၂၀ ဝန်းကျင် လူငယ်များဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ စတိုးဆိုင်ပိုင်ရှင်မှ ပစ္စည်း၊လူထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ အမှုဖွင့်တိုင်တန်းထားခြင်း မရှိသော်လည်း ဖမ်းဆီးရမိသည့် လူငယ်အား ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။