Trending Now

တက္ကသိုလ်ဝင်တန်း စာဖြေလွှာများ စစ်ဆေးရန် ကချင်ပြည်နယ်အတွင်းက အထက်တန်းပြ ဆရာ/မ ၅၀၀ကျော် လျာထား

Spread the love

တက္ကသိုလ်ဝင်တန်း စာဖြေလွှာများ စစ်ဆေးရန် ကချင်ပြည်နယ်အတွင်းက အထက်တန်းပြ ဆရာ/မ ၅၀၀ကျော် လျာထား

EPN
မြစ်ကြီးနား၊ ဇွန် ၂

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာဖြေလွှာများ စစ်ဆေးရန်အတွက် ကချင်ပြည်နယ် အတွင်းက အထက်တန်းပြ ဆရာ/မ ၅၀၀ ကျော် လျာထားကြောင်း ပြည်နယ်ပညာရေးရုံးမှ သိရသည်။

အဆိုပါ စာစစ်မည့် ဆရာ၊ ဆရာမများအား မြစ်ကြီးနား တက္ကသိုလ် (ခါကာဘိုရာဇီဆောင်၊ ဆွမ်ပရာဘွမ်ဆောင်)နှင့် စီတာပူရပ်ကွက်ရှိ အထက်တန်းကျောင်များတွင် တည်းခိုရန် စီစဉ်ထားကြောင်း ပြည်နယ်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြောသည်။

“မြို့နယ် ၁၈မြို့နယ်က အထက်တန်းပြ ဆရာ/ဆရာမ ၅၇၈ ဦးကို စာစစ်ဖို့ လျာထားပါတယ်။ ပုံမှန်ဆိုရင် လုပ်သက် နှစ်နှစ်ပြည့်တဲ့ ဆရာ/မတွေကိုသာ ခေါ်ပေမယ့် ဒီနှစ် စာစစ်ဖို့ ရွေးချယ်တဲ့နေရာမှာ COVID -19 ဖြစ်တော့ ဘာသာရပ်အလိုက် စာစစ်တာ အခက်အခဲ မရှိအောင် လုပ်သက် တစ်နှစ်ရှိတဲ့ အထက်တန်းပြ တွေကိုလည်း ညွှန်ကြားပြီး စာရင်းပြုစုပါတယ်” ဟု ဦးရဲအောင်က ဆိုသည်။

ယင်း စာစစ်ဆရာ/မများ အနေဖြင့် ဇွန်လ ၅ရက်နေ့မှ ၁၂ရက်နေ့အထိ အဖြေလွှာများ စစ်ဆေးရမည် ဖြစ်၍ ဇွန်လ ၃ရက်နေ့တွင် တည်းခိုရာ နေရာများသို့ အရောက်လာရမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမတွေ အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ လူစုလူဝေး မဖြစ်ရလေအောင် အထက်က ညွှန်ကြားချက်အတိုင်း စီမံဆောင်ရွက်ကြောင်းကိုပါ ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း စာစစ် ဆရာ/ဆရာမများအား မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ စားသောက်စရိတ် အနေဖြင့် တစ်ဦးလျှင် တစ်ရက်ငါးထောင်ကျပ်နှုန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်မှ ကျောင်းသူ/သား (၃၈၀၈၃) ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရပြီး ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ (၃၅၉၄၆)ဦး ရှိခဲ့ပြီး အောင်မြင်သူ(၁၀၅၂၅)ဦး အထိ ရှိခဲ့ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။