Trending Now

အဝေးပြေးယာဉ်လိုင်းနှင့် ခရီးသွားလာမည့်သူများ နေရပ်လိပ်စာ အတိအကျ ဖော်ပြမှ သွားလာခွင့်ရမည်ဟုဆို

Spread the love

အဝေးပြေးယာဉ်လိုင်းနှင့် ခရီးသွားလာမည့်သူများ နေရပ်လိပ်စာ အတိအကျ ဖော်ပြမှ သွားလာခွင့်ရမည်ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အဝေးပြေးယာဉ်လိုင်း အသုံးပြုကာ ခရီးသွားလာမည့် ခရီးသည်များ အနေဖြင့် ယနေ့ ( ဖေဖော်ဝါရီလ၁၇ရက်) မှ စတင်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြသရမည့်အပြင် နေရပ်လိပ်စာ၊ သွားလာမည့် လိပ်စာ အတိကျဖော်ပြမှသာ သွားလာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ် ၁၉ ရောဂါ ပိုးမျိုးခွဲအသစ်ဖြစ်သည့် အိုမီခရွန်ဗိုင်းရပ်စ်မှာ ပြည်တွင်းပျံ့ပွားမှုများရှိလာသည့်အတွက် ယာဉ်လိုင်းများတွင် ယခုကဲ့သို့ သွားလာမည့်နေရာများကို ပေးသွင်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြစ်ဖျားဧရာ အဝေးပြေးယာဉ်များရပ်နားစခန်း၊ ပုဂ္ဂလိက ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခု ဒီ(၂)လပိုင်းလောက်မှာစပြီး ကိုဗစ်ရောဂါပိုးသစ် အိုမီခရွန်ဗိုင်းရက်စ်တွေ တွေ့ရှိလာတော့၊ ရောဂါပျံ့သွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့က စပြီး သွားလာမဲ့ ခရီးသည့်စာရင်း မှတ်ပုံတင်၊သွားလာမဲ့ နေရာအတိအကျကို စနစ်တကျတင်ပြဖို့ညွှန်ကြားထားတယ်၊ အကယ်၍ ပိုးတွေ့လာရင် ဆက်စပ်တဲ့လူတွေကို အလွယ်တကူ စုံစမ်းနိုင်ဖို့အတွက် ဒီလိုစီစဉ်လိုက်တာဖြစ်တယ် “ ဟု ၎င်းက ပြောသည်။

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြည်နယ်အတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်း ၄၅ လိုင်းရှိပြီး အခြား တိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၆၀ စုစုပေါင်း ယာဉ်လိုင်းပေါင်း ၁၀၅ လိုင်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကားကွင်းအတွင်း ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးရေးဂိတ်ထားရှိရန် အတွက် တင်ပြထားသော်လည်း ကျန်းမာရေး ဝန်ထမ်းလိုအပ်မှု အခြေအနေများကြောင့် စစ်ဆေးရေးဂိတ်ထားနိုင်မည် မဟုတ်သေးကြောင်း သိရသည်။

လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်မှုများကြောင့် အဝေးပြေး ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံရန် စီစဉ်ထားပြီး ကချင်ပြည်နယ် ပုဂ္ဂလိက ယာဉ်များကြီးကြပ်ရေးကော်မတီအနေဖြင့် ၅၀၀၀ ခန့် တိုးမြှင့်ကောက်ခံရန် ပြည်နယ်အစိုးရထံတင်ပြထားကြောင်းလည်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။