Trending Now

ကျေးလက်ဆေးပေးခန်းများအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ကိုဗစ်နိုင်တင်း ကာကွယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

Spread the love

ကျေးလက်ဆေးပေးခန်းများအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ကိုဗစ်နိုင်တင်း ကာကွယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

EPN
မြစ်ကြီးနား၊ မေ ၁၇

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ၎င်း၏မဲဆန္ဒနယ်ရှိ ကျေးလက်ဆေးပေးခန်းများအတွက် ကိုဗစ်နိုင်တင်း ကာကွယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

၎င်း၏မဲဆန္ဒနယ်ရှိ ထန်းဒုံကျေးရွာ၊ လိုင်ဂမ်ကျေးရွာ၊ ဖီမော်ကျေးရွာ၊ လုတ်နောဂျန်ကျေးရွာ၊ လဂွေကျေးရွာများရှိ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ အတွက် ငွေသားနှင့် ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ် ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့ရဲ့မဲဆန္ဒနယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တွေ့ဆုံမေးမြန်းပြီး သူတို့အခက်အခဲတွေကို တက်နိုင်တဲ့ဘက်ကကနေ ထောက်ပံ့ကူညီပေးဖြစ်တာပါ။ ကျန်နေသေးတဲ့ ကျေးရွာတွေက ဆေးခန်းတွေမှာလည်း လိုအပ်တာတွေကို ဆက်ပြီးလှူဒါန်းသွားမှာပါ” လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ပြောသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ယခုလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့များက ဦးဇခုန်ယိန်းဆောင်ကိုယ်တိုင် ကွင်းဆင်း သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထန်းဒုံကျေးရွာ ကျေးလက်ဆေးပေးခန်းအတွက် PPE ဝတ်စုံ (၅)စုံ၊ တရုတ်ယွင် (၅၀၀)ကို ဒေသတည်ငြိမ်အဖွဲ့ ဦးလန်းဆောင်ယိန်းထံမှတဆင့်ပေးအပ်ရာ ထန်းဒုံကျေးလက်ဆေးပေးခန်းမှတာဝန်ကျဆရာမက လက်ခံရယူခဲ့သည်။

အလားတူ လုတ်နောဂျန်ကျေးလက်ဆေးပေးခန်းအတွက် PPE ဝတ်စုံ (၃)စုံ၊ Mask (၂)ထုတ်၊ တရုတ်ယွင် ၅၀၀၊ လိုင်ဂမ်ကျေးလက်ဆေးပေးခန်းအတွက် PPE (၃)စုံ၊ ယွင် ၅၀၀ နှင့် ဖီမော်ကျေးလက် ဆေးပေးခန်း အတွက် PPE (၅)စုံ၊ ယွင် ၅၀၀ တို့ကို ဖီမော်ကျေးလက်ဆေးခန်းမှတဆင့် ပေးအပ်ထောက်ပံ့ လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထို့နည်းတူ လဂွေကျေးရွာဆေးပေးခန်းအတွက် PPE (၅)စုံနှင့် ယွင် ၅၀၀ ကို ကျေးရွာအုပ်ချုပ်ရေးမှုး ဦးလဂွေခမ်ဘောမ် ထံမှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။

ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဇခုန်ယိန်းဆောင် အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်မှ မိဘပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု‌ရေးကိစ္စများတွင် အစဥ်အမြဲ ကူညီဆောင်ရွက်‌ပေးသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်လို့ ဒေသခံများထံမှသိရသည်။

ကေသီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။