Trending Now

ဖားကန့်မြို့ရှိ စင်ကြယ်ရွှေဆိုင်မှ ရွှေလေးဆယ်သားခန့် ဓားမြတိုက်ခံရ

Spread the love

ဖားကန့်မြို့ရှိ စင်ကြယ်ရွှေဆိုင်မှ ရွှေလေးဆယ်သားခန့် ဓားမြတိုက်ခံရ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ငှက်ပျောတော ရပ်ကွက်ရှိ စင်ကြယ်ရွှေဆိုင်တွင် ယမန်နေ့၊ နံနက် ၁၀ နာရီခန့်က ရွှေချိန် လေးဆယ်သားခန့် ဓားမြတိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့၊ နံနက် ၁၀ နာရီခန့်က အမျိုးသားနှစ်ဦးမှာ Mask တပ်ဆင်၍ ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ကာ စင်ကြယ်ရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ရွှေလက်စွပ်ကွင်း ၁၅၀ နီးပါး၊ ရွှေအလေးချိန် လေးဆယ်သားခန့်ရှိ ရွှေများကို ဓားမြတိုက်ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

” ဓားမြလာတိုက်တဲ့ သူနှစ်ယောက်ကလည်း လူငယ်ပိုင်းပဲရှိသေးတယ်၊ ဆိုင်ကယ်နဲ့လာတာ၊ ပစ္စတိုသေနတ် ကိုယ်စီကိုင်ပြီး ဓားမြတိုက်သွားတာ ဟုတ်တယ်၊ ဖြစ်ချင်တော့ ဓားမြလာတိုက်တဲ့ အချိန်က မီးပြတ်နေတာ၊ သူတို့လည်း အဲ့ဒီချိန်ကိုစောင့်ပြီး လုပ်သွားပုံရတယ်၊ ဆိုင်မှာက CCTV ရှိပေမယ့် မီးကပြတ်နေတော့ သူတို့နှစ်ယောက်ရဲ့မျက်နှာကိုရှာရခက်သွားတာပေါ့ ” ဟု ၎င်းက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ငှက်ပျောတော ရပ်ကွက်တွင် မီးပြတ်တောက်ချိန် ဖြစ်သည့်အတွက် CCTVမှတ်တမ်းရယူခဲ့ခြင်းမရှိပဲ ဓားမြတိုက်သူ အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ဖားကန့်မြို့ဘက်သို့ထွက်ပြေး မောင်းနှင်သွားကြောင်းသိရသည့်အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဖားကန့်သွားလမ်းတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလပိုင်း အတွင်းကလည်း လုံးခင်းကျေးရွာရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တွင် ဓားမြတိုက်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။