Trending Now

မီတာခနှုန်းထား လျော့ကျရေး အဖြေရှာကြရာဝယ်

Spread the love

မီတာခနှုန်းထား လျော့ကျရေး အဖြေရှာကြရာဝယ် 

EPN 
ဆောင်းပါး၊ သြဂုတ် ၃၀ ဗိုလ်ကျရေးသည်။ 

တစ်နိုင်ငံလုံးမှာ ပြီးခဲ့သည့် လပိုင်းက လူထုပါးစပ်ဖျားမှာ ရေပန်းစားခဲ့သော အကြောင်းအရာ (Issure) တစ်ခုရှိခဲ့သည်။ ယခုရက်ပိုင်းမှာတော့ ယင်းအကြောင်းအရာကို လူထုပါးစပ်ဖျား၌ သွင်သွင် ကျယ်ကျယ်ပြောဆိုနေခြင်းမရှိခဲ့တော့ပေ။ ဤသည်မှာလည်း လူ့သဘာဝဖြစ်လေ့၊ ဖြစ်ထဖြစ်တတ် သော နိယာမတစ်ခုပင် မဟုတ်ပေလော။ မည်သို့ပင်ဆိုစေမူ ယင်းအကြောင်းအရာကိစ္စကြီးကို လူထုအနေဖြင့် ကာလကြာရှည်အောင် ခါးသီးစွာ ခံစားရမည်တော့အမှန်ပင်ဖြစ်သည်။ 

ယင်းမှာ အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောင်းလဲသတ်မှတ်ခဲ့သည့် လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံခဲ့ခြင်းအကြောင်းအရာဖြစ်သည်။ ယခု လျှပ်စစ်မီတာတိုးမြှင့်ကောက်ခံခြင်းကိစ္စသည်လည်း လူထုပါးစပ်ကြားထဲ၌သာ အချိန်အခါအရ ရေပန်းတစားမပြောဆိုနေလည်း ယင်းမီတာခတိုးမြှင့်သည့် နှုန်းထားမှာ အစိုးရ၏ ပြုပြင်သတ်မှတ်မှုမပြုလုပ်မချင်း ဝန်ထုတ်ကြီးတစ်ခုလို ပေးဆောင်နေရမည်။

 အထက်ပါ မီတာတိုးကောက်ခံခြင်းကြောင့် ငွေးကြေးပြည့်စုံသည့် လူတန်းစားအတွက် လစဉ် ပုံမှန် မီ တာခကို ပေးဆောင်နိုင်သော်လည်း တစ်နေ့လုပ်မှ တစ်နေ့စားရပြီး အိမ်အငှား အိမ်ထောင်စုများ အတွက် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေသည်။ ထိုသို့ လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံရခြင်းအကြောင်းအရာသည် အစိုးရ၏ ဆောင်ရွက်ချက် နည်းလမ်း မှားယွင်းနေခြင်းကြောင့် မဟုတ်ဘဲ အဓိက အကြောင်းအရာမှာ လျှပ်စစ်မီးလုံလောက်မှုမရှိသေး သောကြောင့် ဖြစ်သည်။

တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အားလုံလောက်မှု မရှိသည့်အတွက် အစိုးရမှ ယခု ဓာတ်အား ထုတ်လုပ်မှုတွင် စိုက်ထုတ်ပေးနေသည့် ငွေကြေးကို အထောက်အပံ့ဖြစ်စေလိုခြင်း ကြောင့်ဖြစ်သည်။ ထို့မှသာ ယင်းငွေကြေးအားဖြင့် ဓာတ်အားပေးစက်ရုံသစ်များ တည်ဆောက်နိုင်ပြီး တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်နည်းတဖုံ ဖြေရှင်းနိုင်မည်ဖြစ်သည်။ 

လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံအနှံ့အတွင်း မီးလင်းနိုင်ရေးကို မဟာစီမံချက်ရေးဆွဲပြီး အကောင် အထည်ဖေါ်ဆောင်ရွက်နေသည်။ လာမည့် ၂၀၃၀ ပြည်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းနိုင်ရေးအ တွက်ဟု ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။ 

လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန၏ တရားဝင် ကိန်းဂဏန်းများအရ ၂ဝ၁၂ ခုနှစ်တွင် မြန်မာပြည်၏ လျှပ်စစ်ထုတ်လုပ်မှု ၇ဝ ရာခိုင်နှုန်းသည် ရေအားလျှပ်စစ်မှ ရရှိပြီး၊ သဘာဝ ဓာတ်ငွေ့ကနေ ၂၈ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးကနေ ၂ ရာခိုင်နှုန်းရရှိနေကြောင်း သိရသည်။ ဒါကြောင့် လာမည့် နှစ်များ တွင် ရေအားလျှပ်စစ်မှ ထုတ်ယူသုံးစွဲမှု လျှော့ကျသွားပြီး ကျန်စက်ရုံမှ ထုတ်ယူမှု မြှင့်တက်လာနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်စက်ရုံမှ ထုတ်ယူ နေခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ရေအားလျှပ်စစ်မှ ထုတ်ယူခြင်းကြောင့် နွေရာသီကာလ၌ ချောင်းရေ နည်းပါးပြီး ဆည်ရေလျှော့ကျလာသည့်အခါ မီးပြတ်တောက်သည့် ပြဿနာများနှင့် နှစ်စဉ်ကြုံတွေ့နေရ ကြောင်း ပြောဆိုကြသည်။ 

ထို့ကြောင့် ရေအားလျှပ်စစ်အပေါ် မမှီခိုသော အခြားစွမ်းအင်ထုတ် စက်ရုံများလည်း တည်ဆေက်ရန် လိုအပ်ကြောင်း ပညာရှင်အချို့ကထောက်ပြကြသည်။ သို့သော် ရေအားလျှပ်စစ်မဟုတ်သော အခြား စက်ရုံများ တည်ဆောက်မည်ဆိုပါက တည်ဆောက်မည့်နေရာ၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ နည်းပညာနှင့် ကုန်ကျစရိတ်တို့ကို ထည့်တွက်စဉ်းစားရပေမည်။ 

ကမ္ဘာ့နိုင်ငံအများစုံးမှာ အသုံးပြုနေ သည့် လျှပ်စစ်ကို ရေအားလျှပ်စစ်မှ ရယူအသုံးပြုနေသည်ကို တွေ့ရ ပြီး ကမ္ဘာတွင် လျှပ်စစ်ထုတ်ယူမှု ကုန်ကျစရိတ်အနည်းဆုံးမှာ ရေအားမှ ရရှိသည့် စွမ်းအင်ဖြစ်သည်။ အခြား ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်အားပေးစက်ရုံများသည် ထုတ်လုပ်မှု ကုန် ကျစ ရိတ်များသည်။ လျှပ်စစ်လိုအပ်ချက်ကြောင့် ကျောက်မီးသွေးကို အသုံးပြုပြီး ထုတ်လုပ်မည်ဆိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်များသည့်အပြင် ပြည်သူလူထုအတွက် ကျန်းမာရေးဆိုးကျိုးများကိုလည်း ခံ စားလာနိုင်ဖွယ်ရှိသည်။ ထို့အပြင် သဘာဝနေရောင်ခြည်မှ လျှပ်စစ်ထုတ်ယူမည်ဆိုလျှင် လိုအပ်သော လျှပ်စစ်စွမ်းအင် ပမာဏ ကိုရရှိမည်မဟုတ်ပေ။ နေစွမ်းအင်ဖြင့် ထုတ်လုပ်မည်ဆိုပါက နေရာကွင်းပြင်ကြီးကြီးမားမားလိုအပ်မည့် အပြင် ညဘက် စွမ်းအင်အား ကျဆင်းမည်။ မြေနေရာ အလွန်ကျယ်ပြန့်စွာ အသုံးပြုမည့်အတွက် ပတ် ဝန်းကျင် ထိခိုက်သည်။ 

အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ၂ဝ၁၇/၂၀၁၈ စစ်တမ်းများအရ မြန်မာနိုင်ငံမှာ ၁ဝ မီဂါဝပ် အထက် ထုတ်ယူနိုင်သော ရေအားလျှပ်စစ်ထုတ်စက်ရုံကြီး ၂၇ ရုံ၊ ၁ဝ မီဂါဝပ်အောက် ထုတ်ယူနိုင်သော ရေအား လျှပ်စစ် စက်ရုံ ၃၅ ရုံ ရှိကြောင်း ဖေါ်ပြထားသည်။ ADB ၏ ဆန်းစစ်ချက်အရ အဲဒီ ရေအားလျှပ်စစ် စက်ရုံများ စုစုပေါင်းကနေ မီဂါဝပ် ၃ ထောင် ကျော် ထုတ်ယူပြီး ဓာတ်ငွေ့သုံး စက်ရုံပေါင်း ၂ဝ ကနေ မီဂါဝပ် ၁၈ဝဝ ကျော် ရပြီး၊ ရှမ်းပြည်တောင်ပိုင်းရှိ တစ်ခုတည်းသော ကျောက်မီးသွေးသုံး စက်ရုံကနေ ၁၂ဝ မီဂါဝပ် ရရှိနိုင်သည်ဟုဆိုသည်။ 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၂၀၀၀၀ ကျော်ရှိ သော်လည်း အမှန်တကယ်ထုတ်လုပ်နိုင်သည့် ပမာဏသည် မဂ္ဂါဝပ် ၃၀၀၀ ကျော်သာ ထုတ်ယူနိုင်ပြီး လျှပ်စစ်ပြီး ရရှိသော အိမ်ထောင်စုမှာ ၄ ဒသမ ၈ သန်းရှိသောကြောင့် မြန်မာ့လူဦးရေ၏ ၄၄ ရာခိုင် နှုန်းသာရရှိပြီး ကျန် ၅၆ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးလိုအပ်နေသည်။ ထို့အပြင် ပြည်တွင်း ဓာတ်အားများ များစွာလိုအပ်ချက်ရှိနေသည်နှင့်အတူ သုံးစွဲသူ ပမာဏမှာလည်း လျှော့မသွားဘဲ ပိုမို တိုးလာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဓာတ်အားလိုအပ်ချက် တစ်နှစ် ၁၉ ရာခိုင်နှုန်း တိုးလာပြီး မဂ္ဂါဝပ် အားဖြင့် ၃၀၀ မှ ၅၀၀ ကြားတိုးလာကြောင်း လေ့လာသိရှိရသည်။ 

ထိုသို့ဆိုသော် လက်ရှိ အစိုးရအနေဖြင့် လာမည့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံး မီးလင်းနိုင်ရေးဟူသည့် စီမံကိန်းကြီးကို အောင်မြင်ဖို့ရန် မည်သည့် စက်ရုံအမျိုးအစားကို ရွေးချယ်အကောင်အထည်ဖေါ်မည် နည်းဆိုသည်မှာ စိတ်ဝင်စားစရာပင် ဖြစ်တော့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။