Trending Now

အစိုးရနဲ့ ပြည်သူ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေတဲ့ လျှပ်စစ်အရေး

Spread the love

အစိုးရနဲ့ ပြည်သူ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေတဲ့ လျှပ်စစ်အရေး

EPN
သတင်းဆောင်းပါး၊ နိုဝင်ဘာ ၂

ကောင်းဇေ ရေးသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဓာတ်အားခအားလုံး လာရောက်ပေးဆောင်ခြင်း မရှိပါက လျှပ်စစ်ဥပဒေနဲ့အညီ ဓာတ်အားဖြတ်တောက်တာတွေ၊ မီတာဖြုတ်သိမ်း တာတွေကို လုပ်ဆောင်သွားမယ်လို့ သတင်းတွေမှာ တွေ့လိုက်ရပါတယ်။ အလားတူပင် မိုးညှင်းမြို့နယ် အတွင်းမှာလည်း မီတာခ မပေးဆောင်လို့ မီးကြိုးတွေဖြုတ်တဲ့ သတင်းတွေကိုလည်း တွေ့မြင်နေရပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက ခုလို နိုင်ငံရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ကာလမှာ လျှပ်စစ်က တာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူတွေကို သေချာနားလည်အောင် ရှင်းလင်းချပြပေးသင့်တယ်လို့ မြင်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်ပြီး ဗဟုသုတ တိုးပွားစေဖို့၊ အသိပညာတွေ မျှဝေနိုင်ဖို့ ဟောပြောပွဲတွေ ပြုလုပ်ပြီး ရှင်းလင်းပြောပြပေးမယ်ဆိုရင် ပြည်သူကြားမှာ အထင်လွဲမှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် လတ်တလောမြေပြင်မှာက စစ်တပ်နဲ့ လျှပ်စစ်မီးကြိုးတွေကို လိုက်ပြီး မတရားဖြတ်တဲ့ ပုံစံမျိုးနဲ့ ပြောနေကြလို့ပါပဲ။ ဒါတွေက အစိုးရနဲ့ ပြည်သူကြားမှာ အထင်အမြင် လွဲမှားမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလတုန်းကလည်း ကျန်းမာရေးပြသနာတွေကြောင့် ပြည်သူတွေ အခက်အခဲ၊ အကြပ်အတည်း တွေနဲ့ ကြုံတွေ့ခဲ့ရသလို၊ နိုင်ငံရေး ပဋိပက္ခတွေ စတင်ဖြစ်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြည်သူတွေ အကြပ်အတည်း များစွာနဲ့ ရင်ဆိုင်ခဲ့ရတာဆိုရင် လက်ရှိအချိန်ထိပါပဲ။ ဒီလို အကြပ်အတည်း၊ အခက်အခဲတွေကြောင့် ပြည်သူတွေ အနေနဲ့ မီတာခတွေကို ပေးသွင်းနိုင်ခြင်း မရှိသလို၊ အချို့ကလည်း နိုင်ငံရေး ပြသနာတွေကို ခုတုန်းလုပ်ပြီး မီတာခ မပေးဆောင်ကြသူတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေတွေ ကြောင့်ပဲ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာ မီတာခတွေ ခန့်မှန်းကောက်ခံခြင်းနဲ့ မီတာခမပေးတဲ့ အိမ်တွေကို မီတာဘောက်ဖြုတ်ယူခြင်းတွေ ဆက်လက်ပြုလုပ်ရင် နန့်မွန်းမြို့မှာရှိတဲ့ EPC ရုံးကို ငဲ့ညှာတော့မှာ မဟုတ်ဘူးလို့ အင်းတော်ကြီး PDF အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီလို အခြေအနေတွေသာ ဆက်လက်ပြီး ဖြစ်ပေါ်နေမယ်ဆိုရင် အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှားမှုတွေက ဆက်ပြီး ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။

အလုပ်အကိုင်ရှားပါးတာတွေ၊ ဝင်ငွေနည်းပါးမှုတွေကြောင့် သက်ဆိုင်ရာ အစိုးရကနေ ဓာတ်အားအသုံးပြုမှု မီတာခတွေကို ကြွေးကျန်အနေနဲ့ ထားရှိ ဆောင်ရွက်ပေးခဲ့ပါတယ်။ သို့သော်လည်း ပြန်ဆပ်ရန် သတ်မှတ်ချိန် ကာလကို ရောက်ရှိလာတဲ့အခါ အများစုက မီတာခ ကြွေးကျန်တွေကို ပြန်လည်းပေးဆပ်ခြင်း မပြုတော့ပဲ “ပြည်သူတွေပေးတဲ့ အခွန်နဲ့ လည်ပတ်နေပြီး ပြည်သူကိုတောင် မီးအပြည့်အဝ မပေးနိုင်တာ ဘာမှ မီတာခ ပေးဆောင်စရာမလိုဘူး” ဆိုတဲ့ ပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဓိက ပြောချင်တာက လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး အခွန်နဲ့ အခကို သေသေချာချာ ရှင်းလင်းသိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်သူတော်တော်များများက လျှပ်စစ်မီတာခတွေကို အခွန်လို့ထင်ပြီး ပြည်သူ့အခွန်နဲ့ ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့ မြင်နေကြတာပါ။ ကိုယ်ဝယ်ယူသုံးစွဲတဲ့ လျှပ်စစ် အဖိုးအခကို ပေးသွင်း ရတယ်ဆိုတာ ပြည်သူတွေ အလွယ်တကူ နားလည်သိရှိဖို့ လိုအပ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ လျှပ်စစ်က ရေခွန်၊ မီးခွန်၊ မြေခွန်၊ လုပ်ငန်းခွန်၊ ဝင်ငွေခွန် အစရှိတဲ့ အခွန်ပေးဆောင်မှုမျိုး မဟုတ်ဘဲနဲ မိမိဝယ်ယူသုံးစွဲတဲ့ ယူနစ်အလိုက် ကျသင့်တဲ့ အဖိုးအခကို ပြန်လည် ပေးသွင်းရခြင်းသာ ဖြစ်ပါတယ်။ အချို့သူတွေက ဒီနှစ်ချက်ကို အဓိပ္ပါယ်လွဲမှားစွာ မှတ်ချက်ချ ကောက်ယူနေကြခြင်းပါပဲ။ စီးပွားရေးပုံစံနဲ့ ကြည့်မယ်ဆိုရင် လုပ်ငန်းရှင် တစ်ဦးကနေ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ပြီး ဈေးကွက်တွင်း ရောင်းချမယ်ဆို သုံးစွဲလိုတဲ့သူက အခကြေးငွေ ပေးပြီး ဝယ်ယူရမှာဖြစ်သလို ထုတ်ကုန် ရောင်းချငွေရရှိမှဘဲ လုပ်ငန်းရှင်ဘက်ကလည်း လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေကို အသုံးပြုပြီး အခကြေးငွေ မရရှိဘူးဆိုရင်တော့ လုပ်ငန်းကို ရပ်နားရတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။

နိုင်ငံတော်အနေနဲ့ လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို ကြည့်မယ်ဆိုရင်လည်း ပြည်သူတွေ လျှပ်စစ် ဓာတ်အားသုံးစွဲ ရရှိစေဖို့အတွက် ဓာတ်အားလိုင်း ဆက်သွယ်တာတွေ၊ ဓာတ်အားခွဲရုံ တည်ဆောက်တာ တွေရဲ့ ကုန်ကျစရိတ်က ရှိနေပါတယ်။ ဒါ့အပြင် အဲ့ဒီဓာတ်အားပေး စက်ရုံတွေ လည်ပတ်ဖို့ အတွက် အသုံးပြုရတဲ့ ဝန်ထမ်းတွေရဲ့ စားရိတ်ကလည်း ရှိနေပါတယ်။ ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်ပေးနေတဲ့ ဓာတ်အား တွေကို ၂၃၀ ကေဗွီ၊၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ၌ လည်းကောင်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်းများ၌ လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းကို ဓာတ်အားသယ်ယူ ပို့လွှတ်ပေးလျက် ရှိပါတယ်။ မဟာဓာတ်အားလိုင်း တွေက ပို့လွှတ်သယ်ဆောင်လာတဲ့ ဓာတ်အားလိုင်းတွေကို ဓာတ်အားခွဲရုံတွေမှာ အဆင့်ဆင့်ဗို့အား လျော့ချပြီးတော့ ဗို့အားနိမ့် ဓာတ်အားလိုင်းတွေကနေ အများပြည်သူကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ အများပြည်သူကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းရဲ့ တစ်ယူနစ် ဓာတ်အားထုတ်လုပ်ရေး ကုန်ကျစရိတ်က ကျပ် ၁၁၀ ကနေ ၁၁၅ ကျပ်ခန့် အတွင်း ကုန်ကျလျက်ရှိနေပါတယ်။

မီတာခနှုန်းထားတွေကလည်း သုံးစွဲပုံအလိုက် နှုန်းထားတွေ မတူညီကြပါဘူး။ အများပြည်သူအတွက် အိမ်သုံး မီတာခတွေကို တစ်ယူနစ် ၃၅ကျပ်၊ ကျပ် ၅၀၊ကျပ် ၇၀၊ ကျပ် ၉၀၊ ကျပ် ၁၁၀၊ ၁၂၀ ကျပ်၊ ၁၂၅ ကျပ် စတဲ့ အလွှာလိုက် စနစ်၊ စက်မှု လုပ်ငန်းသုံးတွေကို ၁၂၅ ကျပ်၊ ၁၃၅ ကျပ်၊ ၁၄၅ ကျပ်၊ ၁၅၅ ကျပ်၊ ၁၆၅ ကျပ်၊ ၁၇၅ ကျပ်၊ကျပ် ၁၈၀ စတဲ့ ယူနစ်အလွှာ စနစ်တွေနဲ့ ဖြန့်ဖြူးရောင်းချပေးတဲ့နေရာမှာ စက်မှုလုပ်ငန်းသုံးတွေ များမှသာ ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိနိုင်တာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားက တစ်ယူနစ် ထုတ်လုပ် ရောင်းချငွေမှာ မီးသုံးစွဲသူ အခြေခံလူတန်းစားများ သုံးစွဲနိုင်ဖို့ အခြေခံပြီးတော့ ရောင်းချပေးတာဖြစ်တဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိခြင်းမရှိတဲ့အပြင် ကိုဗစ်ကာလ ဓာတ်အားခတွေ လျော့ပေါ့ ခွင့်ပြုပေးထားတဲ့ အတွက် အများပြည်သူကို လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ နှစ်စဉ်နိုင်ငံတော်က စိုက်ထုတ်ကျခံ ပေးခဲ့တာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှာဆိုရင် နိုင်ငံတော်အနေနဲ့ ကျပ် ၅၅၀ ဘီလီယံခန့် စိုက်ထုတ်ကုန်ကျခဲ့တာကိုလည်း နိုင်ငံတော့ကထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ လျှပ်စစ်ဓာတ်အားက တစ်ယူနစ် ထုတ်လုပ်ရောင်းချငွေက မီးသုံးစွဲသူ အခြေခံလူတန်းစားတွေ သုံးစွဲနိုင်ဖို့ အခြေခံပြီး ရောင်းချပေးတာ ဖြစ်တဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိခြင်း မရှိပါဘူး။

အများပြည်သူ သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားခတွေက မိမိတို့ သုံးစွဲမှုအပေါ် ပေးရန်ရှိ ဓာတ်အားခသာ ဖြစ်တာကြောင့် အခွန်ငွေ မဟုတ်တဲ့အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေဆီကနေ လျှပ်စစ်ဓာတ်အားခ ရရှိမှသာ နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ရမယ့် စီမံကိန်းတွေအတွက် ပြည်ထောင်စု ရန်ပုံငွေကနေ တစ်ဆင့် မီးမရရှိသေးတဲ့ ကျေးလက်ဒေသတွေ၊ မီးလင်းရေးလုပ်ငန်းတွေ၊ ဓာတ်အားစနစ်အတွင်း ဓာတ်အား လိုအပ်ချက်တွေ အတွက် အခြေခံအဆောက်အဦးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ ဗို့အားပြည့်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ အဆင့်မြှင့်တင်ခြင်း စတဲ့ အခြေခံ အဆောက်အဦးတွေကို တည်ဆောက်နိုင်မှာဘဲ ဖြစ်ပါတယ်။

အကယ်၍ လျှပ်စစ်ဌာနကနေ အရှုံးတွေများပြီး လည်ပတ်လို့မရလို့ မီးမပေးနိုင်တော့ဘူးဆိုရင် အကျိုးဆက်ကို တကယ်လက်တွေ့ ခံစားရမှာက ပြည်သူတွေပဲ ဖြစ်ပါတယ်။ လျှပ်စစ်မီး မရှိလဲ ဆိုလာနဲ့ သုံးလို့ရတယ် ဆိုပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းက ရရှိတဲ့ တန်ဖိုးခြင်း မတူတာကိုတော့ လျှပ်စစ်သုံးစွဲနေတဲ့သူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။ လျှပ်စစ်မီတာခ ဆိုတာက မိမိတို့ အသုံးပြုခဲ့တဲ့ ယူနစ်အတိုင်း ပြန်လည်ပေးသွင်းရတဲ့ သုံးစွဲခ တစ်ခုပါပဲ။ဒါကို သုံးစွဲသူ ပြည်သူတွေ အနေနဲ့ နည်းလည်ဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ အဓိက အကြံပြုလိုတာက အစိုးရ အနေနဲ့ကလည်း ပြည်သူတွေ နားလည်စေဖို့ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ပြည်သူတွေက သုံးစွဲနေတဲ့ လျှပ်စစ်အဖိုးအခကို နားလည်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ခုလို နိုင်ငံရေး အကြပ်အတည်းကာလမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းတွေကို စဉ်းစား အသုံးပြုသင့်ပါတယ်။ဒါမှ မလိုလားအပ်တဲ့ ပြသနာတွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ကလည်း လျှပ်စစ်ဆိုတာက အခွန်ပေးဆောင်ရခြင်းမျိုး မဟုတ်ဘဲ မိမိတို့ ဝယ်ယူသုံးစွဲတဲ့ အခကြေးငွေ ဆိုတာကို နားလည်းသဘောပေါက်ဖို့ လိုအပ်ပါတယ်။ အခကြေးငွေ ရရှိမှသာ ထုတ်ကုန်ကို ဆက်လက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

မြို့ပြ၊ကျေးလက်ဒေသမကျန် ဖွံ့ဖြိုးတိုးတက်ဖို့ဆို လျှပ်စစ်က မရှိမဖြစ် လိုအပ်လှပါတယ်။ဒါကို ပြည်သူတွေ နားလည်ထားဖို့ လိုအပ်ပါတယ်။ လူနေမှုအဆင့်အတန်းကအစ လျှပ်စစ်ရရှိတာနဲ့ မရရှိတာက သိသိသာသာကွာခြားပါတယ်။ ဒါကြောင့် အစိုးရနဲ့ ပြည်သူကြား မလိုလားအပ်တဲ့ ပြသနာတွေ၊ အထင်လွဲမှားမှုတွေကို ဖြေရှင်းဖို့ဆိုရင် ပြည်သူတွေ အခွန်နဲ့အခကို နားလည်သိရှိပြီး အစိုးရနဲ့ ပြည်သူ ပူးပေါင်းလုပ်ဆောင်မယ်ဆို တစ်နိုင်ငံလုံး မီးလင်းရေး အကောင်အထည် ဖော်ဖို့အထိ လွယ်ကူစေမှာဘဲ ဖြစ်ပါတယ်။

ကောင်းဇေ
May be an image of indoor

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။