Trending Now

လေလံစျေးမြင့်တက်လာသည့်အပြင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဝက်ခုံများ အရှုံးပေါ်

Spread the love

လေလံစျေးမြင့်တက်လာသည့်အပြင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဝက်ခုံများ အရှုံးပေါ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်းကစ၍ ဝက်ခုံလေလံစျေး ၅% အထိ မြင့်တက်လာသည့်အပြင် ဝက်ကားများသယ်ယူပို့ဆောင်ရာ လမ်းပိုင်းတို့တွင် စစ်ဆေးရေးဂိတ် ပိုမိုများပြားလာခြင်း တို့ကြောင့် ဝက်ခုံလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း မြစ်ကြီးနား ဝက်ဒိုင်များထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်း ဝက်ခုံများ လေလံရယူရာတွင် ယခင်နှစ်များထက် ရာခိုင်နှုန်း တိုးမြင့်လိုက်ခြင်းနှင့် ဝက်ကားများ သယ်ယူပို့ဆောင်ရေးအပိုင်းတို့တွင် ကြံ့ကြာခြင်းနှင့် ဂိတ်ကြေးပေးဆောင်ခ များပြားလာခြင်းတို့ကြောင့် အရှုံးပေါ်နေရသည်ဟု မြစ်ကြီးနားမြို့ ဝက်ဒိုင် တစ်ဦးက ဆိုသည်။

“ဒီနှစ် မြစ်ကြီးနားမှာ ဝက်ခုံလေလံကြေးကလည်း ၅% အထိ မြင့်တက်သွားတယ် အရင်နှစ်ကလို မဟုတ်ဘူး လေလံကြေးမြင့်တယ်။ အောက်ပိုင်းတွေမှာကတော့ ဝက်ခုံလေလံကြေးတွေကျနေတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာတော့ အခုဆို လေလံကြေးမြင့်တာတွေရယ် နောက်ပြီး ဝက်ကားသယ်ယူပို့ဆောင်ရေးတွေမှာလည်း အရင်မလွယ်ကူဘူး ခက်ခက်ခဲခဲသွားလာနေရတယ် ဂိတ်ကြေးတွေလည်း များလာတယ် သယ်ယူပို့ဆောင်ရေးအပိုင်းမှာ အချိန်ကြာမြင့်တော့ ဝက်တွေ လမ်းမှာ သေတာတွေရှိတယ် အရှုံးပေါ်နေတယ် “ ၎င်းက ရှင်းပြသည်။

မြစ်ကြီးနားမြို့တွင် ယခင်က ဝက်သားတစ်ပိဿာလျင် ကျပ် တစ်သောင်းလေးထောင်ခန့်သာ ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် ဝက်သားဈေးနှုန်းသည် ၁၈၀၀၀ကျပ်မှနေ၍ ၂၄၀၀၀ ကျပ် အထိရှိနေပြီဖြစ်ကြောင်း သိရကာ အခြားဒေသများထက် ဈေးနှုန်းကွာဟမှု ရှိနေကြောင်း သိရသည်။

ထိုသို့ဝက်သားစျေးနူန်း မြင့် တက်လာနေသည့်အတွက် မြို့ပေါ်ရှိထမင်းဆိုင်များအနေဖြင့် ယခင်ဈေးများအရ ပြန်လည်ရောင်းချပေးရန် အခက်အခဲရှိနေကြောင်း မြစ်ကြီးနားမြို့ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခု ဝက်သားစျေးနူန်းက အရင်ထက် အများကြီး စျေးတက်သွားတော့ ကျမတို့ ထမင်းဆိုင်တွေအတွက် ခက်ခဲတာပေါ့ ထမင်းစားဖောက်သည်တွေ လာအားပေးရင် အရင်လို ပေါပေါများများ မထည့်ပေးနိုင်တော့ဘူး ဝက်သားစျေးက နှစ်သောင်းကျော်နေပြီး အဲ့တော့ ပြန်ရောင်းရတာလည်း အဆင်မပြေဘူး ကုန်စျေးနူန်းတွေပြန်ကျမှဘဲ အောက်ခြေလူတန်းစားတွေ အဆင်ပြေမှာ အခုတော့ ကျပ်တည်းနေကြတယ် ”ဟု ၎င်းက ပြောပြသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စ၍ ဝက်သားစျေးနူန်း တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် ခန့်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ကျပ် (၂၄၀၀၀)အထိ စျေးမြင့်တက်လာသည့်ပြီး အခြားစားသောက်ကုန်များဖြစ်တဲ့ ဘဲဥ၊ ကြက်ဥနှင့် ကန်စွန်းရွက် ဈေးများပါ အဆမတန် စျေးမြင့်တက်လာနေသည့်အတွက် အခြေခံလူတန်းစားပြည်သူတွေအနေနှင့် ပိုမိုကျပ်တည်းနေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၈)ရပ်ကွက်တွင် တရားဝင်လုပ်ကိုင်နေကြသည့် ဝက်ခုံပေါင်း (၃၀) ခန့် ရှိကြောင်း သိရသည်။

မြတ်မင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။