Trending Now

ဝိုင်းမော်မြို့နယ်ဘက် အခြမ်းတွင် ရွှေအလွန်အကျွံ တူးဖော်‌နေမှု ဒေသခံများ ကန့်ကွက်

Spread the love

ဝိုင်းမော်မြို့နယ်ဘက် အခြမ်းတွင် ရွှေအလွန်အကျွံ တူးဖော်‌နေမှု ဒေသခံများ ကန့်ကွက်

EPN
ဝိုင်းမော်၊ ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အင်ဖူးယာန်နှင့် နန်ခေါကျေးရွာတို့တွင် တရားမဝင် ရွှေအလွန်အကျွံ တူးဖော်‌နေ၍ ဒေသခံပြည်သူများက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကန့်ကွက်တားမြစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအထက်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် အင်ဖူးယာန်၊ အင်ဂမ်၊ နန်ခေါ ကျေးရွာတို့တွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ တူးဖော်နေ၍ မြစ်ချောင်း အင်းအိုင်များနှင့် တောင်ယာမြေများ ပျက်စီးဆုံးရှုံးမှုရှိလာသောကြောင့် ကန့်ကွက်တားမြစ်ရခြင်းဖြစ်ကြောင်း အင်ဖူယာန်ကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

” တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတယ်။ အခုဆို ဘိုးဘွားပိုင် တောင်ယာမြေတွေလည်း မရှိကြတော့ဘူး။ ရွှေတွေတူးလာကြတယ်။ ချောင်းရေလည်း သုံးမရတော့ဘူး။ မြစ်ချောင်းတွေလည်း သဲသောင်ထွန်းလာပြီး ကြာရင်ဒီဘက်က ဒေသခံတွေ နေဖို့ခက်လာတော့မယ် ” ဟု ၎င်းကပြောသည်။

ရွှေတူးဖော်ခြင်းလုပ်ငန်းကို ဒေသအဖွဲ့အစည်းများထံ အခွန်ပေးဆောင်ခြင်း၊ ဘိုးဘွားပိုင်တောင်ယာမြေ ပိုင်ဆိုင်သူများထံ နစ်နာကြေးပေးဆောင်၍ နေ့ညမပြတ် စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်နေကြောင်းသိရသည်။

အဆိုပါ ရွှေတူးဖော်ခြင်းများကို ဒေသခံပြည်သူများက ကန့်ကွက်တားမြစ်မှုများ ပြုလုပ်ခဲ့၍ ရွှေတူးဖော်လုပ်ငန်း ပိုင်ရှင်များက ကျေးရွာနှင့်ဝေးသည့် တောတောင်ချိုင့်ဝှမ်းတို့တွင် ပြောင်းရွှေ့လုပ်ကိုင်နေကြောင်း အင်ဂမ်ကျေးရွာနေပြည်သူတစ်ဦးက ဆိုသည်။

” ဖြစ်နိုင်ရင် အကုန်လုံး မလုပ်တာ ကောင်းတယ်။ အဲ့တောတောင်ဘက် သွားလုပ်တော့လည်း ရွာဘက်ကလူတွေ အတွက် သောက်သုံးရေ အခက်အခဲဖြစ်ရတယ်။ လက်နက်ကိုင် အဖွဲ့တွေကို အခွန်ပေးပြီး လုပ်ကြတယ်။ ဘိုးဘွားပိုင် မြေပိုင်ရှင်တွေကို နစ်နာကြေးပေးပြီး လုပ်တယ်။ သူတို့အဖို့ ပိုက်ဆံရ‌တော့ မတားကြဘူး။ ကျန်တဲ့ ဒေသခံတွေက ဒုက္ခသုက္ခကို မျှခံနေရတယ် ” ဟု ၎င်းကပြောသည်။

ယင်းသို့ တရားမဝင် ရွှေတူးဖော်ခြင်းများ ဆက်လက်လုပ်ကိုင်ခြင်း မရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက တားမြစ်‌ပေးရန် ဒေသခံများက လိုလားနေကြသည်။

ကချင်ပြည်နယ်အတွင်း၌ သယံဇာတတူဖော်ခြင်း လုပ်ငန်းများကို ၂၀၁၆ ခုနှစ်အတွင်းကစ၍ သက်တမ်းတိုးခြင်း၊ လုပ်ကွက်သစ်ချပေးခြင်းတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် ရပ်နားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများက ကျောက်စိမ်းတူးဖော်ခြင်း၊ သတ္တု၊ မြေရှား၊ ရွှေတူးဖော်ခြင်းများကို ဆက်လက်မလုပ်ရန် သတိပေးစားများ ထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင် လုပ်ငန်းရှင်များက ဆက်လက်တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။