Trending Now

KIA၊ PDF အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ဖားကန့်တွင် အပြစ်မဲ့ ပြည်သူတွေကို လိုက်လံ သတ်ဖြတ်နေဟုဆို

Spread the love

KIA၊ PDF အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ဖားကန့်တွင် အပြစ်မဲ့ ပြည်သူတွေကို လိုက်လံ သတ်ဖြတ်နေဟုဆို

EPN
ဖားကန့်၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ဖားကန့်မြို့နယ်အတွင်း KIA၊ PDF လက်နက်ကိုင် အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူများကို လိုက်လံ သတ်ဖြတ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖားကန့်မြို့နယ် အတွင်းရှိ KIA၊ PDF လက်နက်ကိုင် အဖွဲ့သည် အပြစ်မဲ့ ပြည်သူများအား လူမှုရေးကိစ္စများ မကျေနပ်ချက်အပေါ် အကြောင်းပြု၍ ဒလန် သတင်းပေးဟု ခေါင်းစဉ်တပ်ကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေကြောင်း ‌ဖားကန့်မြို့နေသူ တစ်ဦးက ပြောသည်။

“ရှင်းရှင်းပြောရရင် နိုင်ငံရေးလုပ်နေတာ မဟုတ်တော့ဘူး လူမှုရေးပြဿနာ မကျေနပ်ချက်တွေနဲ့ လူလိုက်သတ်နေတာပဲ ဖြစ်တယ်။ အခုလဲ ကိုဖက်တီးကို သူတို့ပြောနေကြ သတင်းပေး ဒလန်ဆိုပြီး သတ်သွားတယ်။ ဖားကန့်မှာ အခုဆို ရေခဲချောင်းသည်၊ အချဉ်ပေါင်းသည်၊ မုန့်လိုက်ပို့သူ အကုန်လုံးကို စစ်တပ်နဲ့ ပတ်သက်တယ် ဆိုပြီး လိုက်သတ်နေတာ။ သူတို့ ပြောတဲ့ ဒီမိုကရေစီ လမ်းစဉ်မဟုတ်တော့ဘူး လက်နက်ကိုင် အကြမ်းဖက်ဝါဒသမားတွေ ဖြစ်နေပြီ” ဟု မှော်စီစာမှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် မှော်စီစာကျေးရွာ အောင်သာယာ (၂) တွင် ကွမ်းယာ၊ လက်ဘက်ရည်ဆိုင်၊ ဝိုင်ဖိုင် စသည့် စီးပွားရေး လုပ်ကိုင်သူ ကိုဖက်တီးအား KIA၊ PDF အဖွဲ့မှ သေနတ်ဖြင့် နှစ်ချက် ပစ်သတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် လပိုင်းနှင့် ယခုလပိုင်း အတွင်း၌ အပြစ်မဲ့ပြည်သူ ဈေးရောင်းသည်များကို သတ်ဖြတ်ခြင်း၊ အစိုးရဝန်ထမ်းကို ချောင်းမြောင်းသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း စသည်တို့ကို KIA၊ PDFအဖွဲ့မှ သိသိသာသာ လုပ်ကိုင်လာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သူတို့ သတ်လို့ သေတဲ့သူတဲ့ ဒီတစ်ပတ်ထဲမှာတင် မနည်းတော့ဘူး၊ အဖမ်းခံရထားရသူတွေလဲ မနည်းဘူး၊ တချို့လဲ ခြိမ်းခြောက်ခံရလို့ ဖားကန့်ကို ခြေမချရဲတော့တဲ့သူတွေလဲ ရှိနေတယ်၊ ဒီပုံစံအတိုင်းဆို ဖားကန့်ဒေသက မလွယ်တော့ဘူး”ဟု ဆိုင်းတောင်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းသို့ ဥပဒေမဲ့ပြုလုပ်နေခြင်းများကို တာဝန်ရှိသူများ အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ပေးသင့်ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း ထို့သို့ပြုလုပ်မှုများကို ဝိုင်းဝန်းတားဆီးပေးရန် ဖားကန့်မြို့ နေသူများက လိုလားနေကြသည်။

ဖားကန့်တွင် KIA PDF များ၏ ခြိမ်းခြောက်ခံရမှုကြောင့် မြစ်ကြီးနား၌ နေထိုင်နေရသူတစ်ဦးကလည်း “ဒေသတစ်ခု အေးချမ်းဖို့ဆို တရားဥပဒေ စိုးမိုးဖို့ လိုတယ်၊ တရားဥပဒေ စိုးမိုးနိုင်ဖို့ ဆိုတာကလဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ နယ်မြေဒေသတစ်ခုလုံးကို စိုးမိုးအုပ်ထိန်းနိုင်ရမှာ ဖြစ်တယ်၊ အခုက သက်ဆိုင်ရာက နယ်မြေစိုးမိုးနိုင်မှု အုပ်ထိန်းနိုင်မှု အားနည်းတော့ ဒီလို ဖြစ်နေရတာဖြစ်တာ၊ အခုဆို လက်နက်ကိုင်တွေက အစိုးရဝန်ထမ်းတွေကို အကြောက်တရား ရိုက်သွင်းပြီး အုပ်ချုပ်ရေးယန္တရားပျက်အောင်လုပ်နေတယ်၊ ပြည်သူတွေကိုလဲ ကြောက်အောင် သူတို့ကို မလှန်ရဲအောင် ခြိမ်းခြောက် နေတယ်၊ ဒါတွေကို မြန်မြန် အဆုံးသတ်ဖို့ တာဝန်ရှိတွေက ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်၊ မြန်မြန်လဲ အကောင်အထည်ဖော်မှ ရမယ်”ဟု ဆိုသည်။

KIA၊ PDF အဖွဲ့သည် စက်တင်ဘာလနှင့် အောက်တိုဘာ တို့တွင် ဖားကန့်မြို့နယ်အတွင်း၌ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ လုပ်ကြံသတ်ဖြတ်များ၊ ပြုလုပ်သည့်အပြင် အစိုးရ ဝန်ထမ်းများကိုလည်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆယ်ကြိမ်ထက် မနည်း ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။