Trending Now

ခေါင်ဖူးကျေးရွာနှင့် တာလောကြီးကျေးရွာ ချောင်းကူးတံတားတည်ဆောက်နေမှု ယခုနှစ်တွင် အောက်ခြေတိုင် (၂၀)လုံး စိုက်ထူသွားမည်

Spread the love

ခေါင်ဖူးကျေးရွာနှင့် တာလောကြီးကျေးရွာ ချောင်းကူးတံတားတည်ဆောက်နေမှု ယခုနှစ်တွင် အောက်ခြေတိုင် (၂၀)လုံး စိုက်ထူသွားမည်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ခေါင်ဖူးကျေးရွာနှင့် တာလောကြီးကျေးရွာ ချောင်းကူးတံတား (ခေါင်ဖူးဘုရားတံတား) တည်ဆောက်နေမှုမှာ ယခုနှစ်အတွင်း တံတား၏ အောက်ခြေတိုင် (၂၀)လုံးကို စိုက်ထူသွားမည်ဖြစ်ကြောင်း ခေါင်ဖူးဘုရားတံတားဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါတံတားကို (၂၀၂၃)ခုနှစ် မှစတင်ကာ (၅)နှစ်စီမံကိန်းချမှတ်၍ အများအလှူငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကာ လက်ရှိ (၂၀၂၄)ခုနှစ်တွင် တံတားကြီး၏ အောက်ခြေတိုင် (၂၈)လုံးအနက် (၂၀)လုံးကို စိုက်ထူသွားမည်ဖြစ်ကြောင်း ခေါင်ဖူးဘုရားတံတား ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မနှစ်ကစပြီး ဆောက်လုပ်နေတာ။ တိုင်လုံး စုစုပေါင်း ၂၈လုံးမှာ ၂၀လုံးစိုက်ထူနိုင်ဖို့ ပြင်ဆင်နေတယ်။ ဒီဘက်မှာတော့ ပေ ၂၄၀ ပျဉ်ခင်းတော့ ပြီးထားတယ်။ လက်ရှိမှာတော့ အလှူငွေရရင်ရသလို တံတားကြီးကိုအမြန်ဆုံး ပြီးစီးနိုင်အောင်ဆောင်ရွက်နေတယ် ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ခေါင်ဖူးဘုရားသို့ အလွယ်တကူလာရောက်ဖူးမျှော်နိုင်စေရန်၊ ခေါင်ဖူးဒေသဖွံ့ဖြိုး တိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းများ ဖြစ်ထွန်းလာစေရန်နှင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များတွင် အဆင်ပြေစေရန် ရည်ရွယ်ကာ ဆောက်လုပ်ခြင်းဖြစ်ကြောင်း ခေါင်ဖူးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“ တံတားက ခေါင်ဖူးနဲ့ တာလောကြီးကိုဆက်ထားတဲ့ တံတားတည်ဆောက်သွားမှာဖြစ်တယ်။ ခေါင်ဖူးဘုရားရဲ့ အနားမှာ ဆောက်လုပ်မှာဖြစ်တော့ ကချင်ပြည်နယ်ထဲက တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်တဲ့ ခေါင်ဖူးဘုရားကိုလဲ လူအများ အလွယ်တကူ သွားလာလို့ရမယ်။ အဲ့လိုသွားလာလို့ရရင်လဲ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာမယ်။ ခေါင်ဖူးဒေသရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေးတံတားဖြစ်လာမယ်ဆိုတော့ ဒေသဖွံ့ဖြိုးတိုးတက်လာမယ်။ ခေါင်းဖူးက ကျောင်းသာတွေလည်း တာလောဘက်မှာ ကျောင်းလာတက်မယ်ဆိုရင် ဒီတံတားရှိတော့ ပိုပြီးအဆင်ပြေလာမယ်။ ကျန်းမာရေးဘက်မှာဆိုလဲ ဆေးရုံလာရမယ်ဆို နေ့ညမရွေး တံတားကိုအသုံးပြုပြီး အဆင်ပြေချော့မွေ့စွာ သွားလာလို့ရမယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ တံတားကို ၂၀၁၄ ခုနှစ်ခန့်ကစတင်ကာ ယနေ့အချိန်ထိ ကချင်ပြည်နယ် အစိုးရထံ တင်ပြတောင်းခံခဲ့သော်လည်း တံတားဆောက်လုပ်ရန် ရံပုံငွေ မရှိခဲ့သည့်အတွက် တာလောကြီးဒေသအနီးရှိ ကျေးရွာများမှ ဒေသခံများ၊ အလှူရှင်များ၏ အလှူငွေဖြင့် စုပေါင်းကာ ကိုယ်ထူကိုယ်ထ တည်ဆောက်နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ တံတားသည် ခေါင်ဖူးကျေးရွာ (ရွာသစ်)၊ ဦးလောက်ကျေးရွာနှင့် တစ်ဖက်တွင် တာလောကျေးရွာသို့ ဆက်သွယ်ထားကာ သံကူကွန်ကရစ်ပုံစံတည်ဆောက်သွားမည်ဖြစ်ပြီး၊ အရှည် (၁၁၂၀)ပေနှင့် အကျယ် (၁၂)ပေ ရှိကြောင်း သိရသည်။

ယခင်က ခေါင်ဖူးကျေးရွာမှ တာလောကြီးကျေးရွာသို့သွားရန် ဝါးတံတားများကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပြီး၊ နှစ်စဉ်ရေတက်ချိန်တွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သောကြောင့် ယင်းတံတားဖြစ်မြောက်ရေးတွင် သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းလိုပါက ဖုန်း- ၀၉၂၄၀၀၄၈၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။