Trending Now

တနိုင်းမြို့သို့ ဆီသယ်ယာဉ်များ ဝင်ခွင့်ပိတ်ထားသည့်အတွက် ပြည်သူများနှင့်လုပ်ငန်းရှင်များ အခက်တွေ့နေရ

Spread the love

တနိုင်းမြို့သို့ ဆီသယ်ယာဉ်များ ဝင်ခွင့်ပိတ်ထားသည့်အတွက် ပြည်သူများနှင့်လုပ်ငန်းရှင်များ အခက်တွေ့နေရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့အတွင်း သွားလာသည့် ဆီသယ်ယာဉ်များ ဝင်ခွင့်ပိတ်ထားသည်မှာ နှစ်ပတ် ဝန်းကျင်ရှိပြီ ဖြစ်သည့်အတွက် ပြည်သူများနှင့် လုပ်ငန်းရှင်များ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ဆီသယ်ယာဉ်များဝ င်ရောက်မူ မရှိသည့်အတွက် တနိုင်းမြို့ထဲရှိ ပြည်သူများမှာ ဓာတ်ဆီကို အကန့်သတ်ဖြင့်ဝယ်ယူနေရကာ ကားစီးသူများအနေဖြင့် လည်း ဆီကို ဝယ်ယူ၍ မရတော့‌ကြောင်း သိရပြီး ထပ်မံ၍ ဆီသယ်ကားများကို ဝင်ခွင့်မပြုတော့ပါက သွားရေးလာရေးများ၊ စက်ယန္တရားများဖြင့် လုပ်ငန်းလုပ်ကိုင်သူများပိုမို အခက်တွေ့တော့မည်ဖြစ်သည့်အတွက် ဆီသယ်ယာဉ်များကို ဝင်ခွင့်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဆီကားမဝင်တာက နှစ်ပတ်လောက်ရှိနေပြီ အခုဆို ဆိုင်ကယ်စီးတဲ့သူတွေက အကန့်သတ်နဲ့ပဲ ဝယ်လို့ရတော့တယ်၊ ကားသမားတွေဆို ဝယ်လို့မရတော့ဘူး ကုန်သွားပြီ၊ ဈေးနှုန်းကလည်း အရင်တပတ်က တစ်ဂါလံကို ၁၂၀၀၀ ပဲရှိတာ၊ အခုက ၁၅၀၀၀ အထိရှိလာပြီ၊ အခုက ဈေးနှုန်းတက်တာအရေးမကြီးပေမဲ့ ဆီမရ‌နိုင်မှာပဲ စိုးရိမ်နေတာ၊ ဆီမရတော့ဘူးဆိုရင် သွားလာရေးကအစ လုပ်ငန်းတွေလည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ အကုန်ဒုက္ခရောက်မှာသေချာပဲ၊ အဲ့တာကြောင့် အထက်လူကြီးတွေအနေနဲ့ ဘာကြောင့်ပိတ်ထားလဲ မသိပေမဲ့ ပြည်သူတွေကို ငဲ့ညှာပြီး ဆီကားတွေပြန်ဝင်ပေးစေချင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဆီသယ်ယာဉ်များ ဝင်ရောက်ခွင့်ပိတ်ထားသည့်အတွက် လက်ရှိပန့်ဆိုင်များတွင် ကျန်ရှိသော လက်ကျန်ဆီများကို ပြည်သူများအတွက် အကန့်သတ်ဖြင့် တစ်ဦးကို ၃၀၀၀ ကျပ်နှုန်းစီသာ ရောင်းပေးနေရပြီး နောက် တစ်ရက်နှစ်ရက်အတွင်း လက်ကျန်ဆီများပါကုန်တော့မည်ဖြစ်ကြောင်း ပန့်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဘာကြောင့် ပိတ်ထားလည်းတော့ကျွန်တော်တို့လည်းမသိရဘူး၊ ဆီကားမဝင်တာ တစ်ပတ်တော့ ကျော်နေပြီ အခုအဲ့တာကြောင့် ရှိတဲ့ဆီလက်ကျန်တွေကို ပြည်သူတွေ အားလုံး နည်းနည်းစီရအောင်ဆိုပြီး ကန့်သတ်ရောင်းပေးနေရတယ်၊ ကားတွေကိုတော့ ရောင်းပေးဖို့ ဆီမရှိတော့ဘူး၊ အခုလက်ကျန်ဆီက နောက်တစ်ရက်နှစ်ရက်တောင်ခံမယ်မထင်ဘူး၊ ကုန်တော့မယ်”ဟု ၎င်းက ပြောသည်။

တနိုင်းမြို့တွင် လက်ရှိ တရားဝင်ဆီပန့်ဆိုင် ၇ ဆိုင်ရှိသည့်အနက် ဓာတ်ဆီမှာအနည်းငယ်သာကျန်ပြီး ဒီဇယ်ဆီမှာ ပန့်ဆိုင်အားလုံးနီးပါး၌ ကုန်နေပြီဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဒီဇယ်ဆီများပြတ်လပ်မူကြောင့် တနိုင်းမြို့တွင်းသာက ရှင်ဗွေယန်မြို့ အပါအဝင် လုပ်ငန်းရှင်များ ဆီမရရှိသည့်အတွက် လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။