Trending Now

မြစ်ကြီးနားမြို့အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေပေါင်း (၂၀)ကြိမ်ဖြစ်ပွား၊ လျှပ်စစ်ကြောင့် အများဆုံးဖြစ်ဟုဆို

Spread the love

မြစ်ကြီးနားမြို့အတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေပေါင်း (၂၀)ကြိမ်ဖြစ်ပွား၊ လျှပ်စစ်ကြောင့် အများဆုံးဖြစ်ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၂၃ (၂၀၂၄)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်းပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေပေါင်း (၂၀)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းမီးလောင်မှုများအနက် အများစုမှာ လျှပ်စစ်မီးမှ စတင်ကာ ဖြစ်ပွားခဲ့သည့် မီးလောင်မှုများသာဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီးကို စနစ်တကျ အသုံးပြုတတ်စေရန်အတွက် ရပ်ကွက်များအတွင်း တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်နေကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

” မနှစ်ကတော့ ကျွန်တော်တို့ မြစ်ကြီးနားမြို့အတွင်း မီးလောင်မှုပေါင်းက (၂၀)ကြိမ်အထိ ဖြစ်ပွားခဲ့တယ်။ ဒီလိုဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေမှာလည်း လျှပ်စစ်မီးကနေ မီးလောင်တာတွေကများတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့တွေ ရပ်ကွက်တွေထိဆင်းပြီး အသိပညာပေး ဟောပြောပွဲတွေ ၊ နေအိမ်တွေမှာ ကာကွယ်ရေးပစ္စည်းတွေရှိမရှိ၊ လျှပ်စစ်မီး သွယ်တန်းထားတာတွေ စနစ်ကျမှု ရှိမရှိတွေကို နေ့စဉ်ပြုလုပ်လျက်ရှိပါတယ် ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ မီးလောင်မှုများအနက် အများစုမှာ နေအိမ်၌ လူမရှိစဥ် လျှပ်စစ်မှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုများဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုများတွင် အဆောက်အအုံ ၂၇လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

” မီးလောင်တာက အိမ်မှာလူမရှိချိန်တွေ ညနက်တဲ့အချိန်တွေမှာ မီးလောင်မှုဖြစ်တာတွေ တွေ့ရတယ်။ မီးလောင်မှုတွေဖြစ်လာရင် ပြည်သူတွေအနေနဲ့ ကာကွယ်ရေးပစ္စည်းတွေ ဘယ်လိုအသုံးပြုရမယ်။ ဘယ်လိုမျိုးတွေလုပ်ဆောင်မှုတွေ လုပ်ရမယ်။ ဒါတွေကို သိနားလည်ဖို့ လိုအပ်တယ်။ ဒါ့ကြောင့် ရပ်ကွက်တိုင်းလိုလိုကို သေသေချာချာ ဇာတ်တိုက်လေ့ကျင့်တာတွေ၊ ဟောပြောပွဲတွေ၊ နေအိမ်တွေမှာ စစ်ဆေးတာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်သင့်ပါတယ် ” ဟု မြို့သစ်ကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း မြို့ပေါ်ရပ်ကွက်များအပါအဝင် မြို့မစျေး ၁၊ ၂၊ ရေစဥ်စျေးများ ရပ်ကွက်စျေးများ၊ အခြားသောနေရာများတွင်လည်း မီးဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ယခုနှစ် (၂၀၂၄) ခုနှစ်တွင်လည်း လက်ရှိအချိန်အထိ မီးလောင်မှုပေါင်း (၄)ကြိမ် ဖြစ်ပွားခဲ့ကာ အဆောက်အအုံ ၇ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။