Trending Now

ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသူ (၂၈)ဦးကို မြန်မာသံအမတ်ကြီး တွေ့ဆုံ

Spread the love

ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသူ (၂၈)ဦးကို မြန်မာသံအမတ်ကြီး တွေ့ဆုံ

EPN
ရန်ကုန်၊ ဇန်နဝါရီ ၂၉ (၂၀၂၄)

ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေရာမှ ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံသူ (၂၈)ဦးကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဇန်နဝါရီ ၂၇ ရက်က သွားရောက်တွေ့ဆုံအားပေးစကားပြော၍ အစားအသောက်နှင့် ဆေးဝါးများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်က အင်အား (၇ ဒဿမ ၆)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် ငလျင်ဒဏ်ခံခဲ့ရသည့် အီရှီကာဝါပြည်နယ်၊ ရှီကာမြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသူ (၁၂)ဦးနှင့် ကာနာဇာဝါမြို့တွင်ရောက်ရှိနေကာ နာနာအိုမြို့ရှိ အစားအသောက်ပြင်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသူ (၁၆)ဦးတို့အား မြန်မာသံအမတ်ကြီးမှ ဇန်နဝါရီ ၂၇ ရက်က သွားရောက်တွေ့ဆုံခဲ့သည်။

” မြန်မာသံရုံးအနေနဲ့ ငလျင်လှုပ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကမှ ဒေသခံအဖွဲ့အစည်းတစ်ခုကတစ်ဆင့် အဆက်အသွယ် ရရှိခဲ့ပါတာပါ။ တခြားမြို့တွေမှာနေတဲ့ မြန်မာနိုင်ငံသားတွေ ရှိ/ မရှိကိုလည်း ဆက်လက်စုံစမ်းသွားမှာဖြစ်သလို အခက်အခဲရှိနေသူတွေကိုလည်း လိုအပ်တာတွေ ကူညီပေးသွားမှာပါ ” ဟု မြန်မာသံအမတ်ကြီးဦးစိုးဟန်က ပြောသည်။

ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသူများကို အားပေးစကားပြောကြား၍ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ သောက်ရေသန့်များ၊ ဆေးဝါးများကို လှူဒါန်းပေးခဲ့ကာ မြန်မာသံရုံးအနေဖြင့် အစားအသောက်များ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသူ (၁၂)ဦး အလုပ်လုပ်ကိုင်နေသော လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံမှာ ငလျင်ဒဏ်ခံခဲ့ရသော်လည်း ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့သဖြင့် ဆက်လက်လည်ပတ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံသူများမှာလည်း ယင်း စက်ရုံ၌ ဆက်လက်အလုပ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မြန်မာနိုင်ငံသူ (၁၆)ဦး အလုပ်လုပ်ကိုင်နေသည့် နာနာအိုမြို့ရှိ အစားအသောက် ပြင်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ငလျင်ကြောင့် ကြီးမားသော ပျက်စီးမှု မရှိခဲ့သော်လည်း နာနာအိုမြို့မှာ ရေပြန်လည်မရသေးသဖြင့် စက်ရုံအားယာယီရပ်နားထားရကာ မြန်မာနိုင်ငံသူများနေထိုင်သည့် နေအိမ်မှာလည်းပျက်စီးခဲ့၍ လက်ရှိအချိန်၌ ၎င်းတို့အား ကာနာဇာဝါမြို့တွင် နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

မြန်မာသံရုံးမှလည်း ၎င်းတို့၏ နေထိုင်မှုအဆင်ပြေစေရေး၊ ထိုက်သင့်သည့် လုပ်ခလစာများ ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေစေရေးတို့အတွက် ဂျပန်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးသည် ဇန်နဝါရီ ၂၀ ရက်ကလည်း နာနာအိုမြို့တော်ဝန်နှင့်တွေ့ဆုံ၍ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံသားများ၏ လှူဒါန်းငွေ ယန်း ၁ ဒသမ ၉၈ သန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။