Trending Now

ငပုတောမြို့နယ်မှ သမိုင်ဝင်ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ၁၅ ရက်ကြာကျင်းပမည်

Spread the love

ငပုတောမြို့နယ်မှ သမိုင်ဝင်ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ၁၅ ရက်ကြာကျင်းပမည်

EPN
ငပုတော၊ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု ပင်လယ်ကမ်းစပ်ရှိ မော်တင်အငူတွင် တည်ရှိသည့် ဆံတော်ရှင်စေတီတော်မြတ်တစ်ဆူဖြစ်သည့် မြတ်မော်တင်စွန်းစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ၁၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆံတော်ရှင်သမိုင်ဝင် မြတ်မော်တင်စွန်းဘုရားပွဲတော်ကို ၁၃၈၄ ခုနှစ်တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၅ ရက်အထိ ၁၅ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော် စည်စည်ကားကား စနစ်တကျ ကျင်းပပြုနိုင်ရန်အတွက် လက်ရှိတွင် ဘုရားတောင်တော် ရှင်းလင်းခြင်း၊ ရေတွင်းရေကန်များရှင်းလင်းခြင်း၊ ဘုရားမုခ်ဦးရှင်းလင်းခြင်း၊ မြတ်မော်တင်စွန်းစေတီတော် ကြီးနှင့်အရံစေတီများ၊ ဖာင်တော်ဦးစေတီများကို ပိုမို တင့်တယ်သပ္ပာယ်အောင်ရောင်တော်ဖွင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခြင်းစသည့် လုပ်ငန်းများကို ရှေးမူမပျက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပုသိမ်ခရီးသွား လုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

”မော်တင်စွန်းအငူမှာရှိတဲ့ သမိုင်း၀င် ဆံတော်ရှင် မော်တင်စွန်း ဘုရားပွဲကိုနှစ်စဉ် ဗုဒ္ဓဘာသာ၀င်များသာ မက နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၊ ဘာသာခြား ဧည့်သည်များပါ လာရောက်ကြပါတယ် ၊ဒီနှစ်ဘုရားပွဲ ကိုတော့ မြန်မာရက်နဲ့ဆိုရင်တော့ တပေါင်းလဆန်း ၁ ရက်နေ့ကနေ လပြည့်နေ့အထိ ၁၅ ရက်တိုင်တိုင် ကျင်းပမှဖြစ်ပါတယ်၊ လက်ရှိလိုအပ်တာတွေ စတင်ပြင် ဆင်နေပါတယ်၊ ပုသိမ်မြို့တောင်ဘက်စွန်းမှာတည်ရှိတဲ့ မော်တင်စွန်းကို နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင်လို့ ခေါ်ဆိုကြတာပါ၊ ဘာကြောင့် သမိုင်းဝင်တာလည်းဆိုတော့ ဂေါတမ မြတ်စွာ ဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်မှာ ဥက္ကလာပတိုင်းသားတွေ ဖြစ်တဲ့ တဖုဿနဲ့ဘလ္လိကကုန်သည်ညီနောင် နှစ်ဦးတို့ဟာ မြတ်စွာဘုရားထံက ပထမဦးဆုံးအဖြစ် ဆံတော် ၈ ဆူ ပင့်ဆောင်ပူဇော်ခွင့် ရခဲ့တယ်၊ ဘုရားက ချီးမြှင့်တော်မူတဲ့ ဆံတော် (၈) ဆူကို ပင့်ဆောင်ပြီး မဇ္စျိမဒေသကနေ မြန်မာပြည်ပြန်လာတဲ့ တဖုဿနဲ့ ဘလ္လိက ကုန်သည် ညီနောင်နှစ်ဦးတို့က ဇေယျသေန နဂါးမင်းပိုင်တဲ့ နဂရ အငူကို ဖြတ်သန်းချိန်မှာ နဂါးမင်းက ဆံတော် ၂ ဆူကို ပင့်ဆောင်ပူဇော်ပြီး မော်တင်တောင်ထိပ်မှာ ဌာပနာကာ စေတီတည်ထားကိုးကွယ်ခဲ့တယ်လို့ အခု ဆံတော်ရှင်မြတ်မော်တင် ဘုရားရယ်လို့ အားလုံးဖူးမြော်ခွင့် ရနေ တာပါ ဒါတွေကသမိုင်းတွေအရသိရတာ၊ ကျယ်ပြန်တဲ့
သမိုင်းအကြောင်းတွေ အများကြီးရှိသေးတယ်။”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်ကြီး သည်ပင်လယ်ကမ်းစပ်အနားတွင် မြတ်ဗုဒ္ဓ၏ ဆံတော် အစစ် ဌာပနာ ထားကာ နဂါးမင်းတည်ခဲ့သည်ဟု သမိုင်းရှိ သည့် အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်ကျင်းပသည့်အချိန်ဆိုလျှင်နဂါးများမှ စေတီတော်အား လာရောက် ဖူးမျှော်ကြသည်ကိုတွေ့ရသည်ဟု ဒေသခံများနှင့် ဘုရားဖူးများမှ ယုံကြည်နေကြောင်း သိရသည်။

ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားပွဲကို လာရောက်မည့် ဘုရားဖူးများသည်၊ မြတ်မော်တင်စွန်း စေတီတော်ကြီးကို ဖူးမြော်ခွင့်ရသည့်အပြင် ရွှေတောင်ဘုရား၊ ငွေတောင် ဘုရား၊ ဖောင်တော်ဆိပ်စေတီ၊ နတ်တောင်၊သိကြားတောင် စသည့် စေတီဘုရားမျာကို လှည့်ပတ်ဖူးမြော် နိုင်ကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။