Trending Now

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

Spread the love

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၁ဝ (၂ဝ၂၃)

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အောက်တို ဘာ ၉ ရက်နေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် ဌာနကြီးဖြစ်သဖြင့် ပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်စေမည့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်း မရှိစေရန်အတွက် ယခုကဲ့သို့ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်” ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီး ကာကွယ်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (CPU) ဖွဲ့စည်းထားသည့် ရည်ရွယ်ချက်မှာ မိမိ၏ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုသည့်အတိုင်း ကာကွယ်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု မဖြစ်မြောက်အောင်၊ ရပ်တန့်သွားအောင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ဝန်ထမ်းများကို တတ်နိုင်သမျှ နည်းလမ်းများဖြင့် အဂတိလိုက်စားမှုများ မဖြစ်အောင် ကာကွယ်အသိပညာ ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်း ဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ကျစ်လျစ်ခိုင်မာစွာဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်သင့်ကြောင်း၊ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း (Corruption Risk Assessment – CRA) ကို အလေးပေးဆောင်ရွက်ပြီး အားနည်းချက်များကို ဖော်ထုတ်ပြုပြင်သင့်ကြောင်း၊ ဌာနတွင်းရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှုများ မကျူးလွန်စေရေး အပြန်အလှန် ထိန်းကျောင်းသည့် စနစ်များ ဖြင့် ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။