Trending Now

ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပါဝင်သည့် DMO စတင်ဖွဲ့စည်း

Spread the love

ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပါဝင်သည့် DMO စတင်ဖွဲ့စည်း

EPN
မြစ်ကြီးနား၊ ဇွန် ၂၆

ကချင်ပြည်နယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်သည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) ကို ကချင်ပြည်နယ်အတွင်း၌ စတင်ဖွဲ့စည်းနေပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

DMO ကို ခရိုင်အဆင့်ဖြင့် မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်စသည့် ခရိုင်လေးခုလုံး၌ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ခရီးသွား လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် လွှတ်တော်ကိုယ်စား လှယ်များနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများကို့ဓိက ထည့်သွင်းကာ အဖွဲ့ဝင်(၁၆)ဦးထက ်မနည်းဖြင့် စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း သိရသည်။

DMO ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များတွင် ကိုဗစ် ကာလအလွန် ပြည်တွင်းပြည်ပခရီးသွား လုပ်ငန်းပြန်လည် ဦးမော့လာစေရေး အချက်အပါအဝင် ဖြစ်ပြီး လက်ရှိ ပူတာအိုခရိုင်နှင့် မိုးညှင်းခရိုင်တွင် ကော်မတီဖွဲ့စည်းမှုအဆင့် ပြီးစီးထားပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးခိုင်ဝင်းက ဆိုသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ ကိုဗစ်ကာလအလွန်မှာဆိုရင် နိုင်ငံခြားခရီးသွားလုပ် ငန်းတွေက ချက်ချင်းကြီး ဖြစ်မလာနိုင်ဘူးလေ အဲ့ဒါကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို အဓိက အားထားပြီးတော့မှ ပြည်တွင်းခရီးသွားတွေ အများဆုံလာရောက်မယ့် ခရီးစဉ်ဒေသတွေက ကြီးကြပ်ကွက်ကဲမယ့် DMOဆိုပြီးတော့ စတင်ဖွဲ့စည်းနေပါတယ်”ဟု ဦးခိုင်ဝင်းက ပြောသည်။

လက်ရှိတွင် ပူတာအိုခရိုင် DMO အသင်း နာယကအဖြစ် ပြည်နယ်လွှတ်တော် ဦးယောဆီ၊ မိုးညှင်းခရိုင် DMO အသင်း နာယက အဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး တို့ကို ထည့်သွင်းထားပြီး အသင်း ဥက္ကဋ္ဌများ အဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့ဝင်များ အဖြစ် ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်လဝက၊ ခရိုင်ဥပဒေ၊ ခရိုင်သာသနာရေး၊ ခရိုင် မီးသတ်၊ ခရိုင်ပြန်ကြားရေး စသည့် ဌာနဆိုင်ရာများမှ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် မြို့မိမြို့မ၊ CSO များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

“ခရီးစဉ်ဒေသသာယာလှပရေး၊ စနစ်တကျဖြစ်ရေး ဆိုပြီးတော့မှ Action Planတွေ ရေးဆွဲထားပါတယ်။ အဲ့တာတွေ အကောင်အထည်ဖော်ရေး အတွက် DMO ကနေ ဦးဆောင်ပြီးတော့ ဆရာတို့နဲ့ ပူးပေါင်းပြီးတော့ ပြည်ထောင်စုဝန်ကြီးဌာနရဲ့လမ်းညွန်ချက် ဒီပြည်နယ်အစိုးရရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးခိုင်ဝင်းက ထည့်သွင်း ပြောဆိုခဲ့သည်။

ကျန်ရှိနေသည့် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တွင်လည်း DMO ဖွဲ့စည်းနိုင်ရေးအတွက် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်း DMO အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုကို ကိုဗစ်ကာလ အလွန်မှ လက်တွေ့အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်
Photo Internet (ကချင်ပြည်နယ်က အလှအပအချို့)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။