Trending Now

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓါတ်အား

Spread the love

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓါတ်အား
EPN
ဆောင်းပါး
၂၀၂၂ခုနှစ်၊ ဩဂုတ် ၂၉
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံ အဆောက်အအုံထဲမှာ လျှပ်စစ်ဓါတ်အားဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ လျှပ်စစ်ဓါတ်အား လုံလောက်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံတွေမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍများ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေတာ ကို တွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့ နိုင်ငံတိုင်း ပြည်တွင်းလျှပ်စစ်ဓါတ်အား လုံလုံလောက်လောက်နဲ့ ရေရှည် အသုံးပြုနိုင်ရေးကို စီမံချက်အမျိုးမျိုးချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
နိုင်ငံတိုင်းမှာ လျှပ်စစ်ဓါတ်အား တိုးမြင့်ရရှိရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ဖြစ်တဲ့ ရေအားမှ လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်း၊ သဘာဓါတ်ငွေ့မှ လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်း စတဲ့ နည်းလမ်းတွေ အပြင် နျူကလီယား၊ လောင်စာဆီ၊ ကျောက်မီးသွေး၊ ဆိုလာမှ စသဖြင့် နည်းလမ်းအမျိုးမျိုး ဖွေရာကာ လျှပ်စစ်ဓါတ်အား တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး ဆောင်ရွက်နေကြရတာပါ။ ကျောက်မီးသွေး၊ လောင်စာဆီ တို့လို အရာတွေက အချိန်တန်ရင် ကုန်ဆုံးသွားမယ့် အရာတွေ ဖြစ်တာကြောင့် နိုင်ငံတကာမှာ ရေအားလျှပ်စစ်ကို အဓိက ဦးစားပေး ထုတ်လာကြတာကို တွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း နိုင်ငံအတွင်း လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားတွေအတွက် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးရေအား လျှပ်စစ်စီမံကိန်းတွေကနေ စုစုပေါင်း ၄၄၂ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိနေပြီး အလားအလာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဆက်လက်အကောင် အထည်ဖော်ဖို့ စီမံလျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ က ပြောကြားထားတာရှိပါတယ်။
နိုင်ငံအတွင်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေ ပြည့်ဝစွာထုတ်လုပ်နိုင်ဖို့အတွက် ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ ဒီဇယ်ဓာတ်အားပေးစက် ၆၁၀ လုံးနဲ့ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ၂ ရုံတို့ကနေ ၇၁၂၁ မဂ္ဂါဝပ်ကို ဓာတ်အား ထုတ်လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။ ဒီစက်ရုံအသီးသီးကနေ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်က ရေအား လျှပ်စစ် စက်ရုံတွေက ဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ရေအား၊ လေအား၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ၆၀ ခုကေန ၆၂၈၇ မဂ္ဂါဝပ်ထွက်ရှိဖို့ကိုလည်း စီမံ ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့အတွက်ဆိုရင်တော့ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ကလည်း ရေအားတမံတည်ဆောက်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး တွေကို ပြည်သူတွေ သေချာနားလည် သိရှိနိုင်စေဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ရှင်းလင်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ရင်လည်း ပြည်သူတွေ အချိန်နဲ့တပြေးညီ သိရှိစေဖို့အတွက် ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ရေအားလျှပ်စစ်ကို အဓိကထား ထုတ်လုပ်နေကြတာကို တွေ့ရပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရေအားလျှပ်စစ်ကို ကန့်ကွက်မှုတွေ များပြားနေတဲ့ အကြောင်းရင်းကလည်း စဉ်းစားစရာ တစ်ချက်ပါပဲ။
နိုင်ငံအတွက် အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ဆက်လက်အကောင်အထည် ဖော်ဖို့လိုအပ်ပါတယ်။ နိုင်ငံရဲ့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ချက်ချင်း မလုပ်နိုင်သလို ချက်ခြင်းလည်း မထွက်နိုင်ပါဘူး။ အမြန်ဆုံးဆိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး (SOLAR) လျှပ်စစ်ဓာတ်အား တောင် တစ်နှစ်ခွဲကြာနိုင်ပါတယ်။ ရေအားလျှပ်စစ်ဟာ ၅ နှစ်အနည်းဆုံး ကြာပါတယ်လို့ နစက ဥက္ကဋ္ဌ က သြဂုတ်လ ၁ ရက်နေ့ ပြည်သူလူထုကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။
ရေအားလျှပ်စစ်ဟာ အနည်းဆုံး ၅နှစ်ကြာမှာ ဖြစ်တဲ့အတွက် အစိုးရတစ်ရပ်ရဲ့ သက်တမ်းတစ်ခုပါပဲ။ အစိုးရ သက်တမ်း တစ်ခုမှာသာ ရေအားလျှပ်စစ်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် နိုင်ငံအတွင်း ဓာတ်အားတွေ အခုထက်ပိုပြီး ပြည့်ဝစွာ အသုံးချနိုင်မှာပါ။ အစိုးရသက်တမ်း တစ်ခုမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက်ကလည်း အစိုးရအဆင့်ဆင့် လက်ဆင့်ကမ်း ဆောင်ရွက်ဖို့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။
သို့သော်လည်း ရေအားလျှပ်စစ် တမံတွေ အကောင် အထည်ဖော်တဲ့နေရမှာ သဘာဝနဲ့ လူမှုဘ၀ ပတ်ဝန်းကျင် ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ယခုအခါ ရေအားတမံ တည်ဆောက်မှုများစွာကို ရွှေ့ဆိုင်း ထားရတာတွေ ကိုလည်း တွေ့ရှိနေရပါတယ်။ လူအများစုက ရေအားတမံများ တည်ဆောက်ရင် မြစ်တွေရဲ့ဂေဟစနစ်ကို ကြီးစွာ အနှောက်အယှက်ပြုနိုင်ကြောင်း၊ သစ်တောပြုန်းတီးနိုင်ကြောင်း၊ ဇီဝမျိုးကွဲများ ဆုံးရှုံးနိုင်ကြောင်း၊ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာနိုင်ကြောင်း၊ လူပေါင်းများစွာ အိုးအိမ်များ ပြောင်းရွှေ့ ပေးရနိုင်ကြောင်း စတဲ့ အမျိုးမျိုးသော စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ရေအားတမံ စီမံကိန်းတွေဟာ သဘာ၀ ပတ်ဝန်းကျင် နဲ့ လူမှုစီးပွားဘ၀ သက်ရောက်မှုတွေကြောင့် အလေးသာမှု လျော့ကျလာနေတာကို လှုံ့ဆော် ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုအတွက် သန့်ရှင်းတဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းစဉ် ဆိုင်ရာ ကုလသမဂ္ဂ၏ မူဘောင်သဘောတူညီမှု (United Nations Framework Convention on Climate Change Clean Development Mechanism) ကို ကိုးကားပြီး ဆန့်ကျင်မှုပြုလုပ်ခြင်း၊ နိုင်ငံရေးစကားဝိုင်းတွေမှာလည်း ထည့်သွင်း ဆွေးနွေးခြင်းတွေ ပြုလုပ်လျှက်ရှိပါတယ်။
သို့ပေမယ့် အမေရိကန်လိုမျိုး ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုမှာတောင် ရေအားလျှပ်စစ်ကို ဦးစားပေးဆောင်ရွက်တဲ့ အနေနဲ့ အသေးစား တမံ ၉၀၀ ကျော်ကို ဖြုတ်ဖျက်ပြီး အဲ့ဒီနေရာမှာ ပိုမိုကြီးမားတဲ့၊ ပိုမို ကောင်းမွန်တဲ့၊ နည်းပညာ ပိုမိုမြင့်မားတဲ့ ဆည်တမံတွေကို ပြန်လည်အစားထိုး တည်ဆောက်ခဲ့တာ တွေ့ရပါတယ်၊ ဒီလို တည်ဆောက်ခဲ့တဲ့ အတွက် အမေရိကန်မှာ ဆည်တမံ အသုံးပြုမှုနှုန်းက ၈၂ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပါတယ်။
ထိုနည်းတူစွာပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် ရေအားလျှပ်စစ်ရဲ့ အကျိုးကျေးဇူးတွေကို နားလည်ပြီး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ နည်းပညာအကူအညီတွေကို ရယူတည်ဆောက်လာကိုလည်း တွေ့မြင်နေရပါတယ်။ နိုင်ငံဖွံ့ဖြိုးဖို့အတွက် လျှပ်စစ်က အရေးပါတယ်ဆိုတာကိုလည်း နားလည်လာကြပါပြီ။
တစ်ဖက်မှာကလည်း ရေအားလျှပ်စစ်စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်နေကြဆဲဖြစ်ပါတယ်။ အကြောင်းကတော့ ရေအားလျှပ်စစ်က ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုနည်းပါးခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်း ရေကြီးရေလျှံမှုများကို ထိန်းချုပ်ပေးခြင်း စတဲ့ အားသာချက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
ရေအားလျပ်စစ်မှာ အရေးကြီးတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ် ဖြစ်တဲ့အပြင် အခြားသော အရင်းအမြစ်များနဲ့ ပေါင်းစပ်အကောင်အထည် ဖော်ရန် အတွက်လည်း လက်နက်ကောင်း တစ်ခုဖြစ်ပါတယ်။ စိမ့်မြေများပေါ် ဇီဝမျိုးကွဲတွေအတွက် အသုံးပြုနိုင်သလိုမျိုး ရေဆိုးသန့်စင်ခြင်း အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ရေကြီးခြင်းကိုထိန်းချုပ်ပေးပြီး ငါးဖမ်းလုပ်ငန်းနေရာ အသစ် တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေမှာတောင် ရေအားတမံတွေကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းကို ယနေ့အထိ အားထားနေရဆဲပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုက ဖွံဖြိုးမှုနောက်ကျရခြင်းမှာ လျှပ်စစ်ဓာတ်အားကို အပြည့်အဝ မထုတ်လုပ်နိုင်တာ ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်တဲ့ လျှပ်စစ်ကဏ္ဌကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံအတွင်းမှာရှိတဲ့ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝမှုကို အခြေခံပြီး ဆောင်ရွက်သင့်ပါတယ်။ မိမိနိုင်ငံရဲ့ မြစ်ချောင်းအင်းအိုင် ပေါကြွယ်ဝမှုကို အသုံးချတတ်မယ် ဆိုရင်တော့ နိုင်ငံအတွက် အရေးကြီးလှသည့် လျှပ်စစ်ဓာတ်အားကို အလျင်အမြန် ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။
ဆောင်းပါးရှင် – ကောင်းဇေ
ဓါတ်ပုံ – အင်တာနက်
(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။)

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။