Trending Now

ဗန်းမောက်မြို့တွင် ရှမ်းနီစာပေသင်ကြားပေးနေသည့် ဆရာတော်တစ်ပါး ဖမ်းဆီးသတ်ဖြတ်ခံရ

Spread the love

ဗန်းမောက်မြို့တွင် ရှမ်းနီစာပေသင်ကြားပေးနေသည့် ဆရာတော်တစ်ပါး ဖမ်းဆီးသတ်ဖြတ်ခံရ

EPN
ဗန်းမောက်၊ စက်တင်ဘာ ၆

ဗန်းမောက်မြို့နယ် နောက်ပါတ်ကျေးရွာ တွင် ရှမ်းနီစာပေသင်ကြားပေးနေသည့် ဆရာတော် ဦးဂန္ဓမာ အား KIA နှင့် PDF မှ ဖမ်းဆီး သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လွန်ခဲ့တဲ့ ၄ ရက်လောက်က KIAနဲ့ PDF အဖွဲ့တွေ ဆရာတော်ကို ဝင်ဖမ်းသွားတာ ရွာသားတချို့က တွေ့လိုက်တယ် ဘာကြောင့်ဖမ်းသွားတာလဲတော့မသိဘူး ဒီနေ့ နေ့လည်ကမှ သတ်ပြီး အလောင်းဖျောက်ပြီး မြေကြီးထဲမှာ မြုပ်ထားတာကို ရှာတွေ့ခဲ့တာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

နောင်ပတ်ဆရာတော်သည် ဗန်းမောက်မြို့နယ်တွင် ရှမ်းနီစာပေသင်ကြားနိုင်ရေးတို့ကို လုပ်ဆောင်နေသော ဆရာတော် တစ်ပါးဖြစ်သလို ဆင်ဘိုမြို့နယ် ဒက္ခိဏရာမ ကျောင်းတိုက်တွင် ၂၀၁၃ ခုနှစ်မှစတင်ကာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့သည့်ဆရာတော်တစ်ပါးဖြစ်ပြီး ဆရာတော်များနှင့် ဒါယိကာ၊ဒါယိကာမများ၏ ပင့်ဆောင်မှုကြောင့် ၂၀၂၀ခုနှစ်တွင် ဗန်မောက်မြို့နယ်သို့ ပြောင်းရွှေ့သီတင်းသုံးခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ ဒါယိကာ၊ဒါယိကာမများထံမှ သိရသည်။

လက်ရှိအချိန်တွင် ဒေသခံရွာသားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ သတ်ဖြတ်ခံထားရသည့် ဆရာတော် ဦးဂန္ဓမာ၏ ရုပ်ကလာပ်အား သွားရောက်ပင့်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမောက်မြို့နယ်တွင် ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့ဝင်များကို KIA၊ PDF များမှ မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ကြောင်လည်ကျေးရွာမှ ဦးဇင်း အရှင်သူရိယ အပါအဝင် ဒေသခံအများအပြားကို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။