Trending Now

ယူကရိန်းက ရုရှားနှင့် ၄၈ နာရီအတွင်း တွေ့ဆုံဆွေးနွေးရန် တောင်းဆို

Spread the love

ယူကရိန်းက ရုရှားနှင့် ၄၈ နာရီအတွင်း တွေ့ဆုံဆွေးနွေးရန် တောင်းဆို

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

ယူကရိန်း နယ်စပ်တွင် တင်းမာမှုများ မြင့်တက်နေခြင်းနှင့်ပတ်သက်၍ ရုရှားနှင့် ဥရောပလုံခြုံရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ယူကရိန်းနိုင်ငံဘက်က တောင်းဆိုထားသည်။

ရုရှားသည် ယူကရိန်းနယ်စပ်တွင် တပ်ဖွဲ့ဝင်များ တိုးချဲ့တည်ဆောက်နေခြင်းကို ရှင်းပြရန် တရားဝင်တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ရုရှားနိုင်ငံဘက်က လျစ်လျူရှုခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမိုက်ထရို ကူလီဘ က ပြောကြားခဲ့သည်။

နောက်တဆင့် အနေဖြင့် ရုရှား၏ အစီအစဉ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရန်အတွက် လာမည့် ၄၈ နာရီအတွင်း တွေ့ဆုံရန် တောင်းဆိုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံက ယူကရိန်းနယ်စပ်တွင် စစ်အင်းအား တစ်သိန်းခန့် စုဆောင်းထားသော်လည်း ယူကရိန်းကို ကျူးကျော်ရန် အစီအစဉ်မရှိကြောင်း ရုရှားဘက်က ငြင်းဆိုထားသည်။

သို့သော်လည်း အနောက်နိုင်ငံအချို့က ရုရှားသည် စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတိပေးထားပြီး အချိန်မရွေး ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုများ စတင်နိုင်ကြောင်း အမေရိကန်က သတိပေးထားသည်။

နိုင်ငံပေါင်း တစ်ဒါဇင်ကျော်သည် ၎င်းတို့၏နိုင်ငံသားများအား ယူကရိန်းမှ အမြန်ဆုံးထွက်ခွာရန် တိုက်တွန်းခဲ့ပြီး အမေရိကန်သည် လာမည့် ၄၈ နာရီအတွင်း ကိယက်ဗ်မှ ၎င်း၏ အမှုထမ်းအားလုံးကို ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း CBS သတင်းက ဖော်ပြသည်။

ရုရှားနိုင်ငံအပါအဝင် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) အဖွဲ့ဝင်များက လက်ခံကျင့်သုံးသည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် ဗီယင်နာစာရွက်စာတမ်း စည်းမျဉ်းများနှင့် အညီ ရုရှား၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အဖြေပေးရန် သောကြာနေ့တွင် တောင်းဆိုခဲ့သည်ဟု မစ္စတာ ကူလီဘ က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် ယမန်နေ့က တစ်နာရီခန့် ဖုန်းပြောခဲ့ပြီးနောက် သမ္မတ ဘိုင်ဒင် က ယူကရိန်းအတွက် အမေရိကန် ထောက်ခံမှုကို ထပ်လောင်း ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတက အမေရိကန်၏ ကူညီပံ့ပိုးမှုအတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး အမေရိသမ္မတ ကို ယူကရိန်းသို့ လာရန် ဖိတ်ကြားခဲ့သည်။ ယင်း ဖိတ်ခေါ်မှုအပေါ် အိမ်ဖြူတော်မှ မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သမ္မတဘိုင်ဒင်နှင့် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့အကြား တစ်နာရီကြာ ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။

— ကိုးကား —
BBC
Ref; Ukraine seeks meeting with Russia within 48 hours to discuss build-up


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။