Trending Now

ပြိုကျခဲ့သည့် ရှင်ဗွေယန် – နန်းယွန်းသွားလမ်းအား ဌာနဆိုင်ရာနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်

Spread the love

ပြိုကျခဲ့သည့် ရှင်ဗွေယန် – နန်းယွန်းသွားလမ်းအား ဌာနဆိုင်ရာနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ နန်းယွန်းမြို့သွား လမ်းကြားရှိ ပြိုကျပျက်စီးသွားသည့်လမ်းအား ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်းပြုပြင် ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းလမ်းပိုင်းမှာ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားရခြင်းဖြစ်ပြီး ခရီးသည်ယာဉ်များ သွားလာ၍မရဘဲ ပြည်သူများ အခက်အခဲ ကြုံနေရသည့်အတွက် စက်ယန္တရားများဖြင့် ကွန်ကရစ် (ရေပြွန်) တံတားကို အမြန်ဆုံးပြီးနိုင်စေရန် ဆောင်ရွက်ပေးနေကြောင်း ဌာနဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” လမ်းပြိုသွားတာက ပေ ၃၀ နီးပါးရှိတော့၊ လုပ်ရတာနည်းနည်းကြာနေတာပေါ့။ အခုလည်း လမ်းဦးစီးတွေရယ်၊ ‌ပြည်သူတွေရယ်၊ ဌာနဆိုင်ရာကအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒေသအကျိုး ဆောင်ရွက်လုပ်ဆောင်ပေးရတာပါ။ အဲ့လမ်းပျက်တော့ သွားလာလို့မရပဲ နန်းယွန်းဘက်မှာဆို ကုန်ဈေးနှုန်းတွေ အဆမတန် တက်တာတွေ၊ တစ်ချို့ဆိုဝယ်မရတော့တာမျိုးတွေ ကြုံတွေ့နေရတာပေါ့။ ဒါကြောင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေပါတယ် ” ဟု ၎င်းကဆိုသည်။

မိမိဒေသဖြစ်သည့်အေလျာက် သွားလာရန်ခက်ခဲနေသည့် လမ်းပိုင်းအား အမြန်ဆုံးသွားလာနိုင်စေရန် စေတနာစိတ်ဖြင့် ဌာနဆိုင်ရာများနှင့်အတူ ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးနေရခြင်းကြောင်းလည်း ပြည်သူတစ်ဦးကပြောသည်။

” ဒီလမ်းက ပြည်သူတွေအားလုံးနဲ့သက်ဆိုင်တဲ့ လမ်းပဲဆိုတော့ ဘယ်သူမဆို အားရင်အားသလို ကူညီဆောင်ရွက်ပေးရမှာပါပဲ။ ကျွန်တော်တို့ကျတော့ ခုတ်ထစ်စရာတွေ၊ ရှင်းလင်းစရာတွေရှိရင် ကူညီပေးတယ်။ အဓိကကတော့ စေတနာစိတ်နဲ့ လမ်းအမြန်ဆုံး ပြီးစီးအောင် ကူညီပေးတဲ့စိတ်ရှိဖို့ပဲ လိုပါတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းပိုင်းပျက်စီးမှုမှာ တစ်လနီးပါးရှိလာပြီဖြစ်ပြီး၊ နန်းယွန်းဘက်သို့ ကုန်ကားများ အဝင်မရှိတော့သည့်အတွက် နန်းယွန်းမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ ဆန်ဆီများ ပြတ်လပ်လာခြင်းများ ရှိသည့်အတွက် အမြန်ဆုံးပြီးစီးအောင် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။