Trending Now

နယူးဇီလန်မှာ လူငယ်တွေ ဆေးလိပ်ဝယ်ယူခွင့် တစ်သက်တာပိတ်ပင်

Spread the love

နယူးဇီလန်မှာ လူငယ်တွေ ဆေးလိပ်ဝယ်ယူခွင့် တစ်သက်တာပိတ်ပင်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

နယူဇီလန်နိုင်ငံမှာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် နောက်ပိုင်း မွေးဖွားတဲ့ လူငယ်တွေအားလုံးကို တစ်သက်တာ ဆေးလိပ် ဝယ်ယူသောက်သုံးခွင့် ပိတ်ပင်ထားတဲ့ ဥပဒေတစ်ရပ်ကို အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။

နယူးဇီလန် လွှတ်တော်က လူငယ်တွေ ဆေးလိပ်ဝယ်ယူသောက်သုံးခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာ့ အတင်းကြပ်ဆုံး ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဥပဒေကို ချိုးဖောက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နဲ့ နောက်ပိုင်း မွေးဖွားသူအားလုံးဟာ တစ်သက်တာလုံး ဆေးလိပ် ဝယ်ယူခွင့် ရတော့မှာ မဟုတ်သလို လမ်းဘေးစတိုးဆိုင်တွေမှာလဲ စီးကရက် ဝယ်ယူနိင်ဖို့ လွယ်ကူတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးမှု လျော့ကျ ကင်းစင်လာတာနဲ့ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါတွေ လျော့သွားမှာဖြစ်လို့ ကျန်းမာရေးစရိတ် ဒေါ်လာသန်းထောင်ချီပြီး သက်သာစေမယ်လို့ နယူးဇီလန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် လွှတ်တော်မှာ ဥပဒေကို မဲခွဲအတည်ပြုစဉ် ထောက်ခံသူ ၇၆ ဦးနဲ့ ကန့်ကွက်သူ ၄၃ ဦး ရှိခဲ့လို့ ဥပဒေသစ်အပေါ် ကန့်ကွက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ဥပဒေသစ်ကြောင့် စတိုးဆိုင်ငယ်တွေ စီးပွားရေးထိခိုက်နိုင်သလို မှောင်ခိုဈေးကွက် ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ ကန့်ကွက်သူ တစ်ဦးက ထောက်ပြပါတယ်။

နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ဆေးလိပ်ကင်းစင်နိုင်ငံဖြစ်ဖို့ အစိုးရရဲ့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆေးလိပ်ဆန့်ကျင်ရေး ဥပဒေတွေကို ပိုမိုတင်းကြပ်လာတာဖြစ်ပါတယ်။

တားမြစ် ပိတ်ပင်ထားခြင်း မရှိတဲ့ Vaping လို့ခေါ်တဲ့ အီလက်ထရောနစ် စီးကရက် (e-cigarette) သောက်သုံးသူ အရေအတွက်ဟာတော့ နယူးဇီလန်မှာ တိုးလာနေပြီး လက်ရှိမှာ အရွယ်ရောက်ပြီးသူ ၈ ဒသမ ၃ ရာခိုင်နှုန်း နေ့စဉ်သောက်သုံးကြတယ်လို့ သိရပါတယ်။

— ကိုးကား —
AP
Ref; New Zealand imposes lifetime ban on youth buying cigarettes

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။