Trending Now

ကန်ပိုင်တီနယ်စပ်ဂိတ် Quarantine Center ၌ ထားရှိသူများအား မြစ်ကြီးနားတွင်ပြောင်းလဲ ထားရှိရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထား

Spread the love

ကန်ပိုင်တီနယ်စပ်ဂိတ် Quarantine Center ၌ ထားရှိသူများအား မြစ်ကြီးနားတွင်ပြောင်းလဲ ထားရှိရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထား

EPN
ကန်ပိုင်တီ၊ မေ ၇

ကန်ပိုင်တီနယ်စပ်ဂိတ်ရှိ Quarantine Center ၌ ထားရှိသူများအား မြစ်ကြီးနားတွင် ပြောင်းလဲထားရှိရန် ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ သိရသည်။

ကချင်ပြည်နယ်တွင် ကန်ပိုင်တီမြို့သည် ရာသီဥတုအေးသည့် ဒေသဖြစ်ပြီး ပြန်တော်ပြန်များ၏ ကျန်းမာရေးကို စိုးရိမ်ရသည့်အတွက် ယခုလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်နယ်လဝကဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

“ကန်ပိုင်တီဂိတ်မှာ ပြည်နယ်အစိုးရအဖွဲ့လုပ်ပေးနိုင်တာ Quarantine အဆောက်အဦးဘဲရှိတယ် အဆောက်အဦကလည်း ပြောရမယ်ဆိုရင် အဖြစ်ပေါ့ မိုးကာလုပ်ပေးထားတာဖြစ်လို့ ပြည်တော်ပြန် အလုပ်သမားတွေအတွက် စိတ်ပူရတယ်၊ အခုလို တင်ပြရတဲ့ရည်ရွယ်ချက်ကလည်း ကန်ပိုင်တီမှာ ရှိနေတဲ့ ပြည်တော်ပြန်တွေ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ မဟုတ်ဘဲ တခြားတုပ်ကွေးလို ရောဂါမျိုးတွေ ဖြစ်လာနိုင်တယ်၊ ထားတဲ့ အဆောက်အဦးက ရာသီဥတုဒါဏ်မခံနိုင်ဘဲ ရာသီဥတုအရ သော်လည်းကောင်း အခြားသော ရာသီတုပ်ကွေးတွေ ထပ်ဖြစ်မှာ စိုးရတဲ့အတွက်သော်လည်းကောင်း အခုလို တင်ပြတာဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ယင်းပြည်တော်ပြန်များသည် တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး Covid -19 ကြောင့် မြန်မာနိုင်ငံပြန်နိုင်ရန်အတွက် ကန်ပိုင်တီ နယ်စပ်ဂိတ်ရှိ Quarantine Center မှာ ခေတ္တထားရှိရခြင်းဖြစ်သည်။

ကန်ပိုင်တီနယ်စပ်ဂိတ်တွင် Quarantine ဝင်နေကြရသည့် အဆိုပါ ပြည်တော်ပြန်များအား ပြည်နယ်အစိုးရမှ ခွင့်ပြုပါက မြစ်ကြီးနားတက္ကသိုလ်တွင် ပြောင်းလဲထားရှိရန် ပြင်ဆင်ထားကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

“ကျွန်တော် ပြည်နယ်အစိုးရကို တင်ပြထားပေမယ့် ပြောင်းပါရွေ့ပါလို့ အစိုးရအဖွဲ့ကနေ တရားဝင် ညွှန်ကြားတာမရှိသေးဘူး၊ ကျန်းမာရေးအရတော့ ပြောင်းသင့်ပါတယ်။ တကယ်လို့ ဝိုင်းမော်မဟုတ်ဘဲ မြစ်ကြီးနားမှာ ပြောင်းပါဆိုရင်လည်း ပြင်ဆင်ထားပါတယ်။ မြစ်ကြီးနားတက္ကသိုလ်က ပါမ္မောက္ခကြီးနဲ့ တိုင်ပင်ပြီး အဆောင်တစ်ဆောင် စီစဉ်ထားပါတယ်လူဦးရေငါးဆယ်လောက်တော့ ဆံ့နိုင်ပါတယ်။ အစိုးရအဖွဲ့ ညွှန်ကြားတဲ့နေ့ကစလို့ အဲ့မှာထားလို့ရပါတယ် ” ဟု၎င်းကဆက်ပြောသည်။

လက်ရှိတွင် ယမန်နေ့အထိ ကောက်ယူထားသော စာရင်းများအရ တရုတ်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်သည့် ပြည်တော်ပြန် အလုပ်သမား ၆၀၀၀ နီးပါး မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ရောက်ရှိနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

သတင်း – မိုးလေး
ဓါတ်ပုံ – ကိုပြည့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။