Trending Now

မြေအောက်အန္တရာယ်ကြီးမားနေဆဲ

Spread the love

မြေအောက်အန္တရာယ်ကြီးမားနေဆဲ

 
______________________________
သတင်းဆောင်းပါး ကဏ္ဍ
ဆိုင်းအောင် ရေးသည်
_______________________________
၂၀၂၀၊ ဧပြီ ၁၀
မမြင်ရတဲ့ မြေအောက်အန္တရာယ်ရဲ့သားကောင်တွေထဲမှာ ဦးဆတန်ဂျက်နော်တစ်‌
ယောက်လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။
တောင်ယာစိုက်ခင်းကိုသွားရောက်စဉ်ခြေတစ်ဖက်စွန့်လွှတ်ခဲ့ရတဲ့ဖြစ်စဉ်ကိုဦးဆတန်ဂျက်နော်ရင်ဆိုင်ခဲ့ရတာပါ။
“စဖြစ်တုန်းက ကလေးတွေကလည်း ကျောင်းတက်နေတုန်းဆိုတော့ ခက်ခဲတာပေါ့၊ ကျောင်းနားလိုက်ရတဲ့ သားလည်းရှိတယ်၊ အခုတော့ မိသားစုဘဝကနည်းနည်းအဆင်ပြေလာပါပြီး၊ ကျောင်းမနေတော့တဲ့သားက အပြင်မှာအလုပ်ထွက်လုပ်ရင်း အိမ်ကိုပြန်ထောက်ပံ့တော့ အဆင်ပြေလာတာပေါ့” ဟု ဦးဆတန်ဂျက်နော်က ပြောပါတယ်။

ကချင်ပြည်နယ်၊ နန်ဆန်ယန်ကျေးရွာသားဖြစ်ဆဲ့ ဦးဆတန်ဂျက်နော်ဟာ တောင်ယာစိုက်ခင်းကိုသွားရောက်စဉ် မြေမြုပ်မိုင်း နင်းမိပေါက်ကွဲကာ ခြေတစ်ဖက်ဆုံးရှုံးခဲ့တာပါ။
ဦးဆတန်ဂျက်နော်မိသားစုဟာ ၂၀၁၁ခုနှစ်၊ တကျော့ပြန်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဇီးအွန်စစ်ရှောင်စခန်းကို‌ရောက်ရှိလာတာပါ။ ယခုထိနေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး၊စစ်ရှောင်ရင်း ထားခဲ့ရတဲ့ သူ့တောင်ယာစိုက်ခင်းကို သွားရောက်စဉ်မှာ မြေမြှုတ်မိုင်းအဟောင်းတစ်လုံးကိုနင်းမိခဲ့ခြင်းပါ။
တကယ်တော့ မြန်မာနိုင်မှာ မြေမြှုတ်မိုင်းအန္တရာယ်ကိုဦးဆတန်ဂျက်နော်တစ်ဦးတည်းရင်ဆိုင်ရတာမဟုတ်ပါဘူး၊ ကချင်ပြည်နယ်အတွင်း ပြည်သူမိုင်းနင်းမှု ၂၀၁၉ မှာ ၁၈ ကြိမ်ဖြစ်ပွားခဲ့ရာမှာ ၂၁ ဦးဒဏ်ရာရရှိကာ ရှစ်ဦးသေဆုံးခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းကပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း မိုင်းအန္တရာယ်ကြောင့် လူ ၄၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆၀၀ ကျော်ရှိခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအချက်အလက်တွေအရ သိရပါတယ်။
ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မံစီ၊ တနိုင်း၊ ရွှေကူနဲ့ ဖားကန့်၊ ဆင်ဘို၊ ကားမိုင်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ‌တွေဟာ မြေမြုပ်မိုင်းအန္တရာယ်ကျ‌ရောက်နယ်မြေတွေဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာနိုးဆော်ရေးအဖွဲ့ ( ICBL ) ရဲ့ အဖွဲ့ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဧရိယာသုံးပုံတစ်ပုံဟာ မြေမြုပ်မိုင်းများရဲ့ဧရိယာအတွင်းမှာ ကျရောက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသကြီး ၁၄ ခုမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းနယ်မြေတွေဟာ မြေမြုပ်မိုင်းရဲ့ အန္တရာယ်ကိုထိခိုက်ခံစားနေရတယ်လို့ ဆိုပါတယ်။
၁၉၉၄ ခုနှစ် တပ်မတော်အစိုးရလက်ထက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်ရဲ့ အပစ်အခတ်ရပ်စဲခြင်းဟာ ၁၇ ခုနှစ်သာ ကြာမြင့်ခဲ့ပါတယ်။
နောက်ပိုင်း ဒီမိုကရေစီအကူးအပြောင်းကာလဖြစ်တဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရကာလ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှာ အပစ်အခက်ရပ်စဲရေးတံခါး ကျိုးပျက်ခဲ့တာပါ။ တနည်းအားဖြင့် တပ်မတော်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။
ဒီလိုဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတစ်သိန်းကျော်ဟာ နေရပ်စွန့်ခွာပြီး တိုက်ပွဲလွတ်ရာ ယာယီစစ်ရှောင်စခန်းတွေမှာ ယနေ့တိုင်ခိုလှုံနေကြဆဲပါ။
လက်ရှိမှာတော့ ပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားမှုမရှိတော့ပေမယ့် စစ်ပွဲရဲ့နောက်ဆက်တွဲပြသနာတွေကိုတော့ ကချင်ပြည်နယ်အတွင်းက အပြစ်မဲ့အရပ်သားတွေက ကြုံတွေ့နေရဆဲပါ။
စစ်ပွဲရဲ့နောက်ဆက်တွဲပြသနာဖြစ်တဲ့ ကမ္ဘာမြေကြီးအောက်မှာ ခိုအောင်းနေတဲ့ မြေမြုပ်မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။
မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေပေမယ့်၊ တဖက်မှာတော့ မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းအသုံးပြုမှုတွေက ရပ်တန့်ခြင်းမရှိသေးပါဘူး။
ဒီလိုရပ်တန့်မှုတွေမရှိသေးတာကြောင့် ထိခိုက် ဒဏ်ရာရရှိမှုတွေ၊ သေဆုံးမှုတွေက ပိုမိုမြင့်တက်လာနေတယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာနိုးဆော်ရေးအဖွဲ့ ( ICBL ) ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ကျေးရွာအနီးတွေမှာ မြေမြုပ်မိုင်းတွေရှိလာတာက ဒေသခံ‌တွေရဲ့ တောင်ယာလုပ်ငန်းအပါအဝင်၊ ထင်းခုတ်၊ ဝါးခုတ်၊ ကြိမ်ခုတ်ပြီးရှာဖွေစားသောက်ရတဲ့လုပ်ငန်းတွေမှာ ခက်ခဲမှုတွေဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အမည်မဖော်လိုတာက သူတို့ဒေသခံရွာသားတွေအဖို့ ဒေသအနီးက လက်နက်ကိုင်ပေါင်းစုံနဲ့ထိတွေ့ဆက်ဆံနေရတာကြောင့် ပြသနာတစ်ခုခုဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာက တိုင်းရင်းသားလက်နက်တပ်ဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာ့တပ်မတော်တို့က စစ်ရေးအရ လှုပ်ရှားသွားလာနေကြတာပါ။
ပြီးခဲ့တဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပြည်နယ်အတွင်း မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဆွေးနွေးပြီး လက်မှတ်ရေးထိုးနိုင်မှ အဆိုပါလုင်ငန်းစဉ်များကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ် (NCA)အရ အခန်း ၃(က)မှာ အပစ်ရပ်နယ်မြေအတွင်း ကင်းထောက်လှမ်းခြင်း၊ အင်အားတိုးချဲခြင်း၊ လက်နက်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများဖျက်ဆီးခြင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ရပ်ဆိုင်းရန်ဆိုပြီး ထည့်သွင်းဆွေးနွေးထားပါတယ်။
ဒါ့အပြင် အခန်း ၃ (င)မှာ ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနဲ့အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားတဲ့မိုင်းများကို ရှင်းလင်းရန်နဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တဆင့်ချင်းညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်ဆိုပြီး ထည့်သွင်းဆွေးနွေးလျက်ရှိပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးမှုတို့မှာ မြေမြုပ်မိုင်းရှင်းလင်းရေးကို ထည့်သွင်းဆွေးနွေးခဲ့ပေမယ့် ဖြစ်မလာသေးဘူးလို့ မြေမြုပ်မိုင်းလေ့လာစောင့်ကြည့်သူများက သုံးသပ်ကြပါတယ်။
ပြည်တွင်းပဋိပက္ခ လက်နက်ကိုင်အသီးသီးမှာ မြေမြုပ်မိုင်းအသုံးပြုမှုကို ရပ်တန့်ဖို့တောင်းဆိုခဲ့ဖူးသူတွေထဲမှာ လက်ရှိမြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုင်တိုင်လည်း ပါဝင်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိ တိုက်ပွဲများအကြား မြေမြုပ်မိုင်းအသုံးပြုမှုတွေကြောင့် ဦးဆတန်ဂျက်နော်လို အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ဘဝက မြေဇာပင်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ။

ဆိုင်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။