Trending Now

ရှင်ဗွေယန်မြို့တွင် ဓာတ်ဆီပြတ်လပ်မူကြောင့် ကုန်စိမ်းသည်များ ဈေးရောင်းဈေးဝယ် သွားလာရန် အခက်ကြုံတွေ့နေရ

Spread the love

ရှင်ဗွေယန်မြို့တွင် ဓာတ်ဆီပြတ်လပ်မူကြောင့် ကုန်စိမ်းသည်များ ဈေးရောင်းဈေးဝယ် သွားလာရန် အခက်ကြုံတွေ့နေရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ် တနိုင်းခရိုင် ‌ရှင်ဗွေယန်မြို့တွင် ဓာတ်ဆီပြတ်လပ်မူရှိလာသည့်အတွက် တစ်နေ့လုပ်တစ်နေ့စား ဆိုင်ကယ်ဖြင့်ကုန်စိမ်းများ အရောင်းအဝယ်ပြုလုပ်နေသူများ အခက်ကြုံတွေ့နေရကြောင်း‌ ဈေးသည်များ ထံမှ သိရသည်။

ဇန်နဝါရီလ ပထမအပတ်ခန့် ကတည်းက တနိုင်းမြို့ဘက်သို့ ဆီသယ်ယာဉ်များဝင်ခွင့်ကို ပိတ်ပင်ထားသည့်အတွက် တနိုင်းမြို့အပါအဝင် မြို့နယ်ကျေးရွာများတွင် ဓာတ်ဆီလုံလောက်မူ မရှိတော့ပဲ စက်ယန္တရားများဖြင့် လုပ်ကိုင်သည့်လုပ်ငန်းများနှင့် ဆိုင်ကယ်ဖြင့်တစ်နေ့လုပ်တစ်နေ့စားဖို့ရန် ကုန်စိမ်းများကို ရောင်းဝယ်နေသည့် ပြည်သူများလည်း သွားလာရန် မလွယ်ကူတော့ကြောင်း ‌ဈေးသည်တစ်ဦးထံမှ သိရသည်။

“ဒီဘက်မှာလည်း ဓာတ်ဆီကအများအားဖြင့်မရှိကြတော့ဘူး၊ ပန့်ဆိုင်တစ်ဆိုင်ပဲရှိလည်းပိတ်ထားပြီ၊ လမ်း‌ဘေးဆီဆိုင်တစ်ချို့တွေမှာပဲ ရတော့တယ်၊ ဒါပေမယ့် ဈေးကတော့ကြီးတယ် ရေသန့်တစ်ဗူးကို ၄၅၀၀ ကျပ်ပေးပြီး ဈေးဝယ်သွားရတာ အဆင်မပြေတော့ဘူး၊ ဆီဖိုးရယ် ကိုယ်ကဟင်းသီးဟင်းရွက်တွေကို အရင်းစိုက်ဝယ်ပြီးဝယ်လို့ရလာတဲ့ အမြတ်တွေက မကိုက်တော့ဘူး၊ အခုဆိုဈေးသည်တွေလည်း မသွားနိုင်ကြတော့ဘူး၊ဘာလုပ်ပြီး မိသားစုကိုကျွေးမွေးရမလဲတောင်မသိတော့ဘူး၊ကိုယ်တွေက နေ့တိုင်းဒီလိုလေးတွေရောင်းပြီးရတဲ့အမြတ်နဲ့ မိသားစုစားဖို့အတွက်လည်ပတ်နေရတာလေ၊ အခုကသွားစရာဆိုင်ကယ်က ဆီမရတော့ဘယ်လိုမှ အဆင်မပြေဘူး၊ ဈေးကြီးနေရင်တောင် ဆီမပြတ်ရင်တော့ကောင်းတယ်၊ သက်ဆိုင်ရာလူကြီးတွေလည်း ဒါတွေကိုကြည့်ပြီး အမြန်ဆုံးဆီတွေ ပြန်ဝင်နိုင်အောင် လုပ်ပေးစေချင်တယ်”ဟု ၎င်းကပြောသည်။

အလားတူ ရှင်ဗွေယန်မြို့တွင် ရွေတူးဖော်နေကြသည့် လုပ်ငန်းရှင်များအားလုံးနီးပါး စက်ဆိုင်းများ ရပ်နားထားရကြောင်း သိရပြီး နယ်ဝေးမှ လာရောက်လုပ်ကိုင်နေကြသည့် လုပ်သားများလည်း မိမိနေရပ်သို့ပြန်‌နေပြီဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။