Trending Now

ဖားကန့်မြို့နယ်၊ ဥရုချောင်းအတွင်း အသတ်ခံထားရသည်ဟု ယူဆရသော အမည်မသိ ရုပ်အလောင်းများ (၂)ရက် ဆက်တိုက် မျောပါခဲ့

Spread the love

ဖားကန့်မြို့နယ်၊ ဥရုချောင်းအတွင်း အသတ်ခံထားရသည်ဟု ယူဆရသော အမည်မသိ ရုပ်အလောင်းများ (၂)ရက် ဆက်တိုက် မျောပါခဲ့

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၁၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဥရုချောင်းအတွင်း စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ နှစ်ရက်အတွင်း အမည်မသိ ရုပ်အလောင်းနှစ်ခု မျောပါခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းရုပ်အလောင်းများမှာ ဥရုချောင်းအထက်ပိုင်းမှ မျောပါလာခြင်းဖြစ်ပြီး ရုပ်အလောင်းတစ်ခုမှာ ရိုက်နှက်သတ်ဖြတ်ခံထားရသည့် ဒဏ်ရာများဖြစ် ပုပ်ပွနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ရုပ်အလောင်းတစ်ခုမှာ ဆာလာအိတ်ဖြင့် ထုတ်ကာ သတ်ဖြတ်ထားခြင်းဖြစ်နိုင်ကြောင်း ဥရုချောင်းအနီးရှိ ဒေသခံများထံမှ သိရသည်။

“တွေ့တာက နှစ်ရက်ဆက်တိုက်တွေ့တယ် ပထမရက်က ညနေ (၃)နာရီခွဲလောက်မှာတွေခဲ့တာ၊ ဒုတိယနေ့ကတော့ မနက်ပိုင်း (၁၀)နာရီလောက်မှာတွေ့တာ ၊ ပထမရက် တွေ့တုန်းက အလောင်းက ဒီတိုင်း မျောလာတာတွေ့ရတယ်၊ ဒုတိယတွေ့တဲ့အလောင်းကတော့ ဆာလာအိတ်နဲ့ထုတ်ထားတာတွေ့ရတယ်၊ ရေလယ်မှာမျောပါသွားတာ ၊ နွံတွေနဲ့ဆိုတော့ ဘယ်သူမှ မဆယ်ရဲကြဘူး၊ မျောပါသွားတာပဲတွေ့ရတယ်၊ “ဟု ၎င်းကပြောသည်။

အဆိုပါ ရုပ်အလောင်းများကို ငှက်ပျောတောရပ်ကွက် အနီးတွင် ဒေသခံများမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ချောင်းအနီးမြေစာများကြောင့် ဆယ်ယူနိုင်ခဲ့ခြင်းမရှိဘဲ ဥရုချောင်းအတွင်း ဆက်လက်မျောပါသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုကာလအတွင်း အမည်မသိ သတ်ဖြတ်ခံထားရသည့်ရုပ်အလောင်းများကို မကြာခဏတွေ့မြင်နေရပြီး ဇူလိုင်လ (၁၁)ရက်နေ့ကလည်း ဖားကန့်မြို့ မမုံကျေးရွာနှင့် ဖားပြင်ကျေးရွာကြား ဥရုချောင်းအတွင်း စက်လှေဆိပ်ကမ်းအနီး အသတ်ခံထားရသည့် အမည်မသိရုပ်အလောင်း တစ်လောင်းကိုတွေ့ရှိခဲ့သေးကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။