Trending Now

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်

Spread the love

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၇

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေလ အစောပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ်မတော်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆာင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာသို့ ဇူလိုင်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြင်ဖြူ မော်ရပ်ကွက်ရှိ ထိန်းသိမ်းရေး ဒီရေတောအနီး၌ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်စိုက်ပျိုးခဲ့ပြီး၊ လေဆိပ်မှ မြို့အဝင်လမ်း လမ်းဘေး ဝဲ/ယာတစ်လျှောက်၌ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ SME အသေးစားစက်မှုလက်မှုလုပ်ငန်းများဖြစ်သည့် မြို့သစ်ရပ်ကွက်ရှိ မေယုရေသန့်စက်၊ တောင်ရပ်ကွက်ရှိ HappyLife ရေခဲစက်နှင့် Next One မုန့်လုပ်ငန်းစက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များမှာကြားပြီး၊ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီး/ရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် စက်ယန္တရားနှင့် စက်သုံးဆီများ စေတနာအလျှောက် ကူညီလှူဒါန်းခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြတ်ကို

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။