Trending Now

စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုကြောင့် အဝေးပြေးယာဉ်လိုင်းများ၏ ယာဉ်စီးခ ထပ်မံ တိုးမြင့်ကောက်ခံရန် ပြင်ဆင်နေ

Spread the love

စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုကြောင့် အဝေးပြေးယာဉ်လိုင်းများ၏ ယာဉ်စီးခ ထပ်မံ တိုးမြင့်ကောက်ခံရန် ပြင်ဆင်နေ

EPN
မြစ်ကြီးနား၊ ဇွန်လ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာအဝေးပြေးယာဉ် ရပ်နားစခန်း မှ အဝေးပြေး ယာဉ်လိုင်းများအနေဖြင့် စက်သုံးဆီဈေးမြင့်တက်မှုများကြောင့် ယာဉ်စီးခများ ထပ်မံတိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း မြစ်ဖျားဧရာ အဝေးပြေးယာဉ်များရပ်နားစခန်း၊ ပုဂ္ဂလိက ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ သိရသည်။

လက်ရှိကာလတွင် ပြည်တွင်းခရီးသည် နည်းပါးနေသည့်အချိန် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အဆမတန်မြင့်တက်မှုကြောင့် ယာဉ်စီးခများထပ်မံတိုးမြင့်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ယာဉ်များ ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

” ဂိတ်တွေကနေ လာပြောကြတယ်၊ ခရီးသည်တွေလဲမရှိသလောက်နည်းပါးတယ်၊ စက်သုံးဆီဈေးတွေက အများကြီး တိုးလာတယ် ၊ အဲ့တော့ ကားခတွေ ၊ ပစ္စည်းသယ်ယူခတွေ တိုးကောက်ချင်တယ်လို့ တင်ပြလာတယ် ၊ သူတို့အနေနဲ့လည်း ခရီးသွားရာသီလည်း ကျော်လွန်လာတော့ ခရီးသည်က နည်းတယ်၊ နောက်ပြီး ဆီဈေးကလည်း သိတဲ့အတိုင်း မတရားဈေးတက်နေတော့ အခက်တွေ့နေကြတယ်၊ အရင်ဈေးတွေထပ် တိုးကောက်ချင်တယ်လို့ပြောကြတယ်၊ ဒါပေမဲ့ တရားဝင်တင်ပြဖို့ပြင်ဆင်နေတယ်၊ တရားဝင်တင်ပြလာရင်တော့သက်ဆိုင်ရာ ဌာန ပြည်နယ် အစိုးရကိုတင်ပြသွားမှာပါ၊” ဟု ၎င်းကပြောသည်။

အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လမှစတင်ကာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ခရီးစဉ်တစ်ခုအတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်တိုးမြှင့်ကောက်ခံခဲ့သော်လည်း ထပ်မံမြင့်တက်လာသည့် စက်သုံးဆီ ဈေးနှုန်းများကြောင့် တိုးမြှင့်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ခရီးသည်အင်အားနည်းပါးနေသည့်အပြင် ယခင်လို ပုံမှန်အတိုင်း ယာဉ်ပြေးဆွဲနိုင်ခြင်းမရှိဘဲ ရက်ခြားသာပြေးဆွဲနေရသည့်အတွက် ယာဉ်လိုင်းများအနေဖြင့် အရှုံးပေါ်နေကြောင်း မန္တလေး မြစ်ကြီးနား လမ်းပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောဆိုသည်။

” ကားကအရင်လို ပြေးဆွဲလို့မကောင်းတော့ဘူး၊ ခရီးသည်နည်းတယ်၊ အဲ့တော့ တစ်ရက်ခြား၊ မဟုတ်ရင် ၂ ရက်ခြား မှ ကားထွတ်ရတယ်၊ ကြားထဲ ဓာတ်ဆီဈေးတက်တော့ ပိုဆိုးတယ်၊ အဲ့တော့ ကားခလေးတွေလဲ နည်းနည်းပါးပါး တိုးကောက်ခွင့်ရချင်တယ်၊ တိုးကောက်မယ်ဆိုရင်တောင် ခရီးသည်တွေနဲ့ အဆင်ပြေနိုင်မဲ့ဈေးနှုန်းလောက်ပဲ တိုးကောက်ချင်ပါတယ်၊ “ ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြိ့ မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြည်နယ်အတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်း ၄၀လိုင်းရှိပြီး တိုင်းနှင့်ပြည်နယ်များသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်း ၆၇ စုစုပေါင်း ယာဉ်လိုင်းပေါင်း ၁၀၇ လိုင်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။