Trending Now

တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်ရန် အခက်အခဲများ ရှိနေဟု မြစ်ကြီးနား (IDP Camp) တာ၀န်ခံများ ဆို

Spread the love

တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်ရန် အခက်အခဲများ ရှိနေဟု မြစ်ကြီးနား (IDP Camp) တာ၀န်ခံများ ဆို

EPN
မြစ်ကြီးနား၊ မတ်လ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်၊ တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်ရန် ယခုမတ်လ (၂) ရက်နေ့က မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးတွင် (IDP Camp) တာဝန်ခံများကို ခေါ်ဆောင်ပြီး ယခုနှစ် အတွင်း တိုက်ပွဲရှောင်စခန်းများ ဖျက်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးတို့အပြင် မူလနေရာသို့ ပြန်လည်နေထိုင်ကြရန် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း နေရပ်သို့ပြန်ရန် အခက်အခဲများ ရှိနေကြကြောင်း မြစ်ကြီးနား (IDP Camp) တာဝန်ခံများက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်မှာရှိ (IDP Camp) တို့၌ နေထိုင်ကြသည့် တိုက်ပွဲရှောင် ပြည်သူများကို နေရပ်ပြန်လည် နေထိုင်ကြရန်နှင့် အစိုးရ သတ်မှတ်ပေးထားသည့် နေရာတို့တွင် နေထိုင်ကြရန် တိုက်တွန်းမှုများ ရှိနေပြီး တိုက်ပွဲရှောင်ပြည်သူများ အနေဖြင့် ဒေသအတွင်း မငြိမ်သက်မှုများ ရှိနေသောကြောင့် နေရပ်ပြန်ရန် အခက်အခဲများစွာ ရှိနေကြောင်း IPD Camp တာဝန်ခံတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“အခုအစိုးရကတော့ ဒီနှစ်က စစ်ရှောင်စခန်းတွေ ဖျက်သိမ်းရမယ်လို့ ပြောတယ်။ သူတို့ စီမံပေးတဲ့ နေရာမှာ နေထိုင်ကြဖို့နဲ့ မိမိ အစီအစဉ်နဲ့နေဖို့ ဒါမှမဟုတ် ကိုယ့်အရပ်၊ ကိုယ့်ဒေသပြန်ဖို့ တိုက်တွန်းနေတယ်။ အဲ့ဒီလို တိုက်တွန်းလာတော့ ကျနော်တို့ စစ်ရှောင်ပြည်သူတွေ အနေနဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ ကိုယ့်ဒေသပြန်ဖို့က ရွာတွေမှာ တိုက်ပွဲတွေကလည်း မငြိမ်သက်သေးဘူး။ အန္တရာယ်တွေ အများကြီးရှိတယ်။ သူတို့ သတ်မှတ်ပေးတဲ့ ငွေပျော်စံပြဘက်မှာလည်း အစုအဖွဲ့ နေသူတွေကို ပိုပြီး ဦးစားပေး ဆောင်ရွက်နေကြတယ်။ တစ်ဦးတစ်‌ယောက်၊ မိသားစု တစ်စုတွေအတွက်တော့ မလွယ်ဘူး။ နေရာ ရဖို့အတွက် အခက်အခဲရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအစိုးရ အနေဖြင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်ကြရန် ခက်ခဲနေသူများအတွက် ငွေပျော်စံပြတွင် အိမ်ခြေ (၇၀၀)ခန့် ဆောက်လုပ်ပေးလျက်ရှိနေပြီး၊ အချို့မှာ မိမိအစီစဉ်ဖြင့် နေထိုင်မည်ဆိုပါက အိမ်ရာ ဆောက်လုပ်ရာအတွက် အစိုးရမှ အိမ်တစ်လုံးစာအတွက် သိန်းတစ်ရာကျော် ပေးဆောင်မှု ပြုလုပ်သွားမည်ဟု တိုက်ပွဲရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တိုက်ပွဲရှောင် ပြည်သူတွေ နေရပ်ပြန်ဖို့ အဆင်မပြေတဲ့ အတွက် အစိုးရကနေ စီမံချက်နဲ့ ဆောက်လုပ်ပေးတဲ့ အိမ်ရာတွေလည်း ရှိတယ်။ အဲ့မှာနေမယ်ဆိုရင်လည်း ရတယ်။ ဒါမှမဟုတ် မိမိအစီအစဉ်နဲ့ အစိုးရချပေးတဲ့ မြေနေရာမှာ အိမ်ဆောက်နေမယ်ဆိုရင် အစိုးရက အိမ်တစ်လုံး တန်ဖိုး အတွက် သိန်းတစ်ရာ ကျော် ပေးသွားမယ်ဆိုတော့ အဆင်တော့ပြေပါတယ်။ ဒါပေမယ့် အိမ်ထောင်စု အားလုံး ချက်ချင်းတော့ မရနိုင်သေးဘူး။ အလှည့်ကျ နာမည်စာရင်း ပါသူတွေ အရင်ရွေ့နေကြပြီ“ ဟု တာဝန်ခံတစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ စစ်ဘေးရှောင်ပြည်သူများမှာ တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ၂၀၁၁ ခုနှစ်အတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အစိုးရ ချမှတ်ပေးထားသည့် စီမံချက်နေရာသို့ ပြောင်းရွေ့နေထိုင်သူများ ရှိနေပြီး မိမိအစီအစဉ်ဖြင့် နေထိုင်ရန် လျာထားသူများလည်း ရှိနေကြောင်းနှင့် ယခင် အရပ်ဒေသသို့ ပြန်လည်အခြေချရန် စီစဉ်သူများလည်း ရှိနေကြောင်း သိရသည်။

“ကိုယ့်ဒေသကိုတော့ ပြန်ချင်တာပေါ့ အခုက မလွယ်သေးဘူး၊ လူသစ်ဆွဲတာတွေ တိုက်ပွဲ ဖြစ်နေတာတွေ ရှိနေသေးတယ်၊ အဲ့တာကြောင့် ဒီမှာပဲ ဆက်နေပြီး ဒုက္ခခံဦးရမယ်၊ အစိုးရ ချပေးတဲ့ နေရာမှာပဲ နေဖို့ စောင့်နေတယ်၊ တချို့လည်း ကိုယ့်ဒေသကို ဒီလထဲ ပြန်ဖို့ လုပ်နေကြတယ်၊ ကျနော်တို့အတွက် မလွယ်ကူမှုတွေ အများကြီးပဲ၊ စစ်ရှောင်ဘဝက ဘယ်လိုမှ မလွယ်ကူဘူး မိသားစုအလိုက် ဒုက္ခရောက်နေကြတယ်“ ဟု ၎င်းက ထည့်သွင်း ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင်စခန်းပေါင်း (၆၀) ကျော်ရှိပြီး လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၏ မှတ်တမ်းများအရ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။