Trending Now

ပြည်ပငွေစျေးတက်၍ မန္တလေးကျောက်ဝိုင်း ပိုစည်းကားလာ

Spread the love

ပြည်ပငွေစျေးတက်၍ မန္တလေးကျောက်ဝိုင်း ပိုစည်းကားလာ
EPN
မန္တလေး၊ စက်တင်ဘာ ၁
မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် တရုတ်ငွေစျေးတက်ခြင်းကြောင့် ကျောက်စျေးကွက် အရောင်းအဝယ် ယခင်ကထက်ပိုကောင်းလာကြာင်း အဆိုပါကျောက်ဝိုင်းရှိ ကျောက်ပွဲစားများနှင့် ကျောက်ကုန်သည်များထံမှသိရသည်။
“မန္တလေးမဟာအောင်မြေ ကျောက်ဝိုင်းမှာက ပုံမှန်အရောင်းအဝယ်ထက် ကျောက်သားမြင့်အချောထည် အပွင့်၊ လက်ကောက်ဖောက်ပြီးသားတွေတော့ အရောင်းအဝယ် ပိုကောင်းလာတယ်။ တရုတ်ယွမ်ငွေစျေးတက်လို့ထင်တယ်။ ယခင်ကထက် ကျောက်စျေးကွက် ကောင်းလာတယ်။ စျေးပိုပေးလာတယ်။ ကျောက်သမားတွေ နေ့စဥ်အလုပ်ဖြစ်တယ်။ ပြည်တွင်း ကျောက်စျေးကွက် စည်းကမ်းတကျ ခိုင်မာလာဖို့လိုပါတယ်။ နယ်စပ်ဂိတ်တွေက အရင်လိုအဝင်အထွက် မလွယ်တော့ မြန်မာပြည်အထိ လာဝယ်ကြတယ်။ ကျောက်ကောင်းရှိသူတွေ ထိန်းရောင်းစေချင်တယ်” ဟု မဟာအောင်မြေကျောက်ဝိုင်းမှ ကျောက်သားတန်းအဆင့်မြင့်မှပွဲကိုင်သူ တဦးကပြောသည်။
“မဟာအောင်မြေ ကျောက်ဝိုင်းမှာ အပွင့်၊ အချပ်၊ လက်ကောက်၊ အတုံးအခဲနဲ့ ဖြတ်သားဝိုင်းစုံ ရှိတယ်။ လက်ရှိကျောက်စျေးကွက်အနေနဲ့ ကြိုက်ရောင်း ကြိုက်ဝယ်တွေက မကြာခဏဖြစ်နေတယ်။ ကျောက်စျေးကွက်ပိုပြီးကောင်းလာတော့ ကျောက်လုပ်သူအားလုံး စီးပွားရေး ပိုအဆင်ပြေလာတယ်။ ပြည်ပငွေစျေးတက်တော့ ကျောက်ကောင်းတွေ ရောင်မှားဝယ်မှား မဖြစ်စေဖို့ အထူးဂရုစိုက်နေရတယ်” ဟု၎င်းက ပြောသည်။
မဟာအောင်မြေကျောက်ဝိုင်းတွင် ပြည်ပနိုင်ငံခြားသားများထက် ပြည်တွင်းဝယ်လက်က ပိုများနေကြောင်း သိရသည်။
ထို့အပြင် ပြည်ပအဝယ်လိုက်နည်းခြင်း၊ ကျောက်ကောင်းအဝင်နည်းပါးခြင်း၊ လုပ်ကွက်များနားထားခြင်း၊ ပြည်ပငွေစျေး အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေခြင်းတို့ကြောင့် အထူးသတိထား ရောင်းဝယ်နေရကြောင်း ကျောက်ကုန်သည်များထံမှ သိရသည်။
ကေတီ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။